ရန်ကုန် ၂၀၂၅ မေ ၁၇
ပညာရေး၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာဇော်မြင့်သည် ယနေ့နံနက် ၁၀နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲနှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်ထွန်း၊ ဒုတိယပါမောက္ခချုပ်များ၊ သိပ္ပံဘာသာရပ် ပါမောက္ခ(ဌာနမှူး)များ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဝန်ကြီးဌာနနှင့် ဦးစီးဌာနက ထုတ်ပြန်ထားသော လုပ်ထုံး လုပ်နည်းများ၊ လမ်းညွှန်ချက်များ၊ တည်မြဲအမိန့်၊ ညွှန်ကြားချက်များကို တက္ကသိုလ်များ အားလုံးက အလေးထား လိုက်နာအကောင်အထည်ဖော်ဆောင်ရွက်ကြရကြောင်း၊ တက္ကသိုလ်များအားလုံး တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် လိုက်နာဆောင်ရွက်ရန် လိုအပ်သော စံသတ်မှတ်ချက် သုံးခုကို ယနေ့ အစည်းအဝေးတွင် ပညာရှင်ကြီးများက ဝိုင်းဝန်းဆွေးနွေး၍ အချောသပ်တည်းဖြတ်ပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် သုတေသနနှင့်ဓာတ်ခွဲခန်းသုံး ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ ထိန်းသိမ်းခြင်းဆိုင်ရာလိုက်နာရန် စံသတ်မှတ်ချက်များ၊ ဒေတာအချက်အလက်လုံခြုံရေးစနစ်ဆိုင်ရာလိုက်နာရန် စံသတ်မှတ်ချက်များနှင့် အီးမေးလ်ပေးပို့ခြင်း ဆိုင်ရာလိုက်နာရန် စံသတ်မှတ်ချက်များကို အချောသပ်ဆွေးနွေးအတည်ပြုခဲ့ကြကြောင်း သိရသည်။
