ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပညာရေးဆိုင်ရာအသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅) တွင် Keynote Address ပြောကြား

 

နေပြည်တော် ၂၀၂၅ ဇန်နဝါရီ  ၉

 

 ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံ (၂၀၂၅)ကို ဇန်နဝါရီ ၉ ရက်မှ ၁၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန-၂ (MICC-II)၌ ကျင်းပလျက်ရှိရာ ယနေ့မွန်းလွဲပိုင်းတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက Keynote  Address ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် မျက်မှောက်ကမ္ဘာ့ပညာရေးနယ်ပယ်တွင် လက်တွေ့ကြုံတွေ့နေရသည့် စိန်ခေါ်မှုများကိုကျော်လွှားနိုင်မည့် သုတေသနနှင့် တီထွင်ဆန်းသစ်မှု အသစ်များ၊ တွေ့ရှိချက်အသစ်များ၊ နည်းစနစ်အသစ်များကို သိရှိခွင့် ဆွေးနွေးခွင့်ရကြမည်ဖြစ်ပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံရှိ တက္ကသိုလ်ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၏ သုတေသနစွမ်းရည်ကို တိုးတက်မြင့်မားလာစေမည့်အပြင် New generation ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် ခေတ်မီနည်းပညာနှင့်အသိပညာ ဖလှယ်မှုအတွက် သိသာထင်ရှားသည့် ပံ့ပိုးကူညီမှုများရရှိကြပြီး မိမိတို့ပြုလုပ်နေကြသည့် ပါရဂူကျမ်းများအတွက် များစွာအထောက်အကူပြုစေမည်ဖြစ်ပါကြောင်း။

 

ထို့ပြင် သုတေသနညီလာခံကို တက်ရောက်လာသည့် နိုင်ငံတကာမှ သုတေသနပညာရှင်များနှင့် မြန်မာနိုင်ငံတက္ကသိုလ်များရှိ သုတေသနပညာရှင်များအကြား သုတေသနဆိုင်ရာ အတွေ့အကြုံ၊ နည်းလမ်းနှင့် ပညာရပ်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆွေးနွေးနိုင်ပြီး အမြင်ချင်းဖလှယ်နိုင်မည်ဖြစ်သည့်အပြင် မိတ်ဖက်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှုကိုပါ တိုးမြှင့်စေမည်ဟု ယုံကြည်ပါကြောင်း။

 

ထို့ကြောင့် မြန်မာနိုင်ငံရှိ တက္ကသိုလ်များ၊ ပညာရေးဆိုင်ရာအဖွဲ့အစည်းများမှ ပညာရေးနယ်ပယ်အလိုက် ကျွမ်းကျင်သူများနှင့် နိုင်ငံတကာပညာရေးနယ်ပယ်အလိုက် ကျွမ်းကျင်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ကြသည့် ပညာရေးဆိုင်ရာအသုံးချ သုတေသနနိုင်ငံတကာညီလာခံ (၂၀၂၅) [International Conference on Applied Research in Education(2025)] မှ မြန်မာနိုင်ငံ၏ အနာဂတ်ပညာရေးနှင့် တိုင်းပြည်ကောင်းမွန်တိုးတက်စေရေး၊ နိုင်ငံတော်နှင့်‌ ဒေသတွင်းနိုင်ငံများ၏ နိုင်ငံ့စီးပွားမြှင့်တင်နိုင်ရေး၊ လူမှုစီးပွားဘဝ မြင့်မားလာစေရေးတို့အတွက် များစွာ အကျိုးရှိမည်ဟု ယုံကြည်မိပါကြောင်း ပြောကြားသည်။

 

ထို့နောက် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ ရုရှားနိုင်ငံ၊ အရှေ့တောင်အာရှ ပညာရေးဝန်ကြီးများအဖွဲ့ ဆီမီယိုအတွင်းရေးမှူးချုပ်ရုံးနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပညာရေးဆိုင်ရာတာဝန်ရှိသူများက ဂုဏ်ယူဝမ်းမြောက်စကား ပြောကြားကြသည်။

 

ယင်းနောက် ကမ္ဘောဒီးယား၊ ဂျပန်၊ မြန်မာ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ပညာရှင်များက Keynote Address ပြောကြားကြပြီး တရုတ်၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်းနိုင်ငံတို့မှ ပညာရှင်များက Special Talk များ ပြောကြားကြသည်။

 

အဆိုပါ ပညာရေးဆိုင်ရာ အသုံးချသုတေသန နိုင်ငံတကာညီလာခံသို့ ဝါရင့်ပညာရှင်များနှင့် ပညာရှင်မျိုးဆက်သစ်များ စုံလင်စွာပါဝင်ကြပြီး နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် အဖွဲ့အစည်းပေါင်း ၄၅ ခုမှ နိုင်ငံတကာပညာရှင် ၆၂ ဦး၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာန ၁၁ ခုမှ ပြည်တွင်း၊ ပြည်ပ ပညာရှင် ၄၀ တို့ တက်ရောက်ကြပြီး Keynote Address ခြောက်ခု၊ Special Talk ငါးခုနှင့် ပြည်တွင်း ပြည်ပ သုတေသနစာတမ်း ၁၃၃ စောင်ဖတ်ကြား တင်သွင်းကြမည်ဖြစ်ကြောင်း သိရသည်။