နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေးအစည်းအဝေး ကျင်းပ

 

နေပြည်တော် ၂၀၂၄ ဒီဇင်ဘာ ၂

 

နိုင်ငံတကာ ပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေး အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသနညီလာခံ (၂၀၂၅)ကို  ဆရာအတတ်ပညာရေး (Research on Teacher Education)၊ ဝိဇ္ဇာသိပ္ပံပညာရပ်ဆိုင်ရာ အသုံးချသုတေသန (Applied Research on Arts and Science)၊ သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံ (Research on Sustainable Scientific Collaboration of Ocean and Earth Sciences)၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေး (Research on MSMEs and TVET) နှင့် ဘာသာစကား အရင်းအမြစ်နှင့်  ဉာဏ်ရည်တုနည်းပညာ (Research on Natural Language Processing-NLP and AI Technology) ကဏ္ဍငါးခု၌ နိုင်ငံတကာမိတ်ဖက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ကျင်းပသွားမည်ဖြစ်ကြောင်း၊ သုတေသနညီလာခံ၏ ဦးတည်ချက် (Theme)ကို “ပညာရေး၊ သိပ္ပံနှင့်နည်းပညာ စွမ်းပကားဖြင့် ပိုမိုကြွယ်ဝပြည့်စုံသော လူ့ဘောင်အဖွဲ့အစည်းအတွက် အနာဂတ်ကို ညွှန်ပြခြင်း” (Navigating the future: Education, Science, and Technology for Brighter and More Prosperous Societies)ဟု ချမှတ်ထားကြောင်း။

 

မိမိတို့အနေဖြင့် နိုင်ငံတကာစံနှုန်းနှင့် ကိုက်ညီသည့်စာတမ်းများကို ရွေးချယ်ဖတ်ကြား ခွင့်ပြုမည်ဖြစ်ကြောင်း၊ ထို့အပြင် ပြည်တွင်း၊ ပြည်ပ ပညာရှင်များက Keynote Address နှင့် Special Talk ပြောကြားခြင်းကဏ္ဍများ ထည့်သွင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ ယခုအစည်းအဝေးသို့ တက်ရောက်လာသော ဆရာကြီး ဆရာမကြီးများအနေဖြင့် တင်သွင်းလာသည့် စာတမ်းများအပေါ် မိမိတို့အတွေ့အကြုံများ၊ သတ်မှတ်ထားသော စံနှုန်းများဖြင့် စဉ်းစားရွေးချယ် ပေးကြစေလိုကြောင်း၊ ယခုညီလာခံသည် နိုင်ငံတကာအဆင့် ညီလာခံဖြစ်သည့်အတွက် အောင်မြင်စွာကျင်းပနိုင်ရေး တက်ရောက်လာသူများအားလုံးက  ပူးပေါင်းပါဝင် ပေးကြစေလိုကြောင်း ပြောကြားသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စာတမ်းဦးတည်ချက်အုပ်စုအလိုက် အရည်အသွေးရှိ စာတမ်းများစိစစ်အတည်ပြုရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်ကို ရှင်းလင်းမှာကြားပြီး ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က လက်ခံရရှိထားသောစာတမ်းများကို အမျိုးအစားနှင့် ဘာသာရပ်နယ်ပယ်အလိုက်တင်ပြသည်။

 

ယင်းနောက် တက်ရောက်လာသည့် ဆရာကြီး ဆရာမကြီးများက အုပ်စုခွဲ၍ စာတမ်းတစ်ခုချင်းအပေါ်တွင် ဆွေးနွေးသုံးသပ်ကာ နိုင်ငံတကာပညာရေးဆိုင်ရာ အသုံးချသုတေသန ညီလာခံ(၂၀၂၅) စာတမ်းလက်ခံခြင်းနှင့် စိစစ်အတည်ပြုရေးလုပ်ငန်းများကို ‌ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။