နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၆
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တက္ကသိုလ် ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများကို ယနေ့ နံနက်ပိုင်းက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တွေ့ဆုံပြီး တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာလှပရေးနှင့် သင်ကြားသင်ယူမှုဆိုင်ရာအရည်အသွေးများ တိုးတက်ကောင်းမွန်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးမှာကြားသည်။
တွေ့ဆုံပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာ မိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ယခုပညာသင်နှစ်မှစတင်၍ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပထမနှစ်ကျောင်းသား ကျောင်းသူများထဲမှ တက္ကသိုလ်လူရည်ချွန်များ ရွေးချယ် မွေးထုတ်သွားမည်ဖြစ်ကြောင်း၊ တက္ကသိုလ်၏ အသက်သည်သုတေသနဖြစ်ကြောင်း၊ နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုတို့သည် အလွန်အရေးကြီးကြောင်း၊ ကျောင်းသား ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး၊ စဉ်းစား တွေးခေ်နိုင်မှုနှင့်တီထွင်ဖန်တီးနိုင်မှုစွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့် ခံယူချက် မှန်ကန် ကောင်းမွန်သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် တက္ကသိုလ်၊ ဒီဂရီကောလိပ် ဆရာဆရာမများ၊ ဝန်ထမ်းများအားလုံးအနေဖြင့် အရှိန်အဟုန်ဖြင့် ဝိုင်းဝန်း လက်တွဲဆောင်ရွက်ပေးကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ပညာရေးအဆင့်အတန်းမြင့်မားရေး၊ သင်ရိုးညွှန်းတမ်း ခေတ်မီရေး၊ သင်ကြားသင်ယူမှုမှန်ကန်ရေး၊ သုတေသနဖြင့် နိုင်ငံကို အကျိုးပြုရေး၊ အကဲဖြတ်စနစ် သုံးသပ်ရေးကိစ္စရပ်များကို ဆွေးနွေးပြီး အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက် နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
