နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၅
၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် ၁၃ ရှိ အစည်းအဝေး ခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်၊ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်”သီချင်းဖြင့် ဂုဏ်ပြုသီဆိုဖွင့်လှစ်သည်။ ယင်းနောက် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ ၂၀၂၄ ခုနှစ် (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဖတ်ကြားသည်။
ထို့နောက် အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်း၊ (နေပြည်တော်)မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း”သီချင်းဖြင့် ဂုဏ်ပြုသီဆို တင်ဆက်ကြပြီး (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
