ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ Naypyitaw State Academy နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၂၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့နံနက်ပိုင်းတွင် Naypyitaw State Academy နှင့် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက် ကြည့်ရှုစစ်ဆေးသည်။ 

 

 ဦးစွာ ပြည်ထောင်စုဝန်ကြီးသည်  Naypyitaw State Academy ၏  စာသင်ဆောင်၊ စာသင်ခန်း ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်၊ ပထမပညာသင်ကာလ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား ကျောင်းသူများ၏ ကျောင်းအပ်နှံနေမှုများ၊ လက်တွေ့ခန်းအတွင်း ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။

 

ကြည့်ရှုစစ်ဆေးစဉ်  ပြည်ထောင်စုဝန်ကြီးက Naypyitaw State Academy တွင် ကျောင်းသားဗဟိုပြု သင်ကြားမှုစနစ်ကို အကောင်အထည်ဖော်နိုင်ရန်၊ အရည်အသွေးရှိသော သင်ကြား၊ သင်ယူမှုကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် Up-to-date ဖြစ်သည့် Textbooks များ၊ ခေတ်မီလက်တွေ့ခန်းသုံးပစ္စည်းများ၊ Internet Access နှင့် e-library အပါအဝင် သင်ထောက်ကူပစ္စည်းများကို ပြည့်စုံစွာ ဖြည့်ဆည်းပေးထားပြီး ဖြစ်ပါကြောင်း၊ ဆရာ ဆရာမများ အနေဖြင့်ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးအတွက် လိုအပ်သည်များကို ဝိုင်းဝန်းလက်တွဲ၍ ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ဘာသာရပ်ဆိုင်ရာ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတက်ကောင်းမွန်ရေးအတွက် စဉ်ဆက်မပြတ် လေ့လာကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း၊ မိမိတို့တက္ကသိုလ်များ၏ ဥပဓိရုပ်ကောင်းမွန်ရေးနှင့် တက္ကသိုလ်ပတ်ဝန်းကျင်တွင် သန့်ရှင်းသာယာလှပရေးကိုလည်း အမြဲမပြတ် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်းမှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၁၁)အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေး၍ စာသင်ခန်းအတွင်း ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။