နေပြည်တော် ၂၀၂၄ နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက မြန်မာဘာသာစကားနှင့်စာပေကို ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသားဘာသာစကားများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ထိန်းသိမ်းစောင့်ရှောက် နိုင်စေရန်အတွက် AI နည်းပညာအကူအညီနှင့် ကိုယ်ပိုင်ဆိုက်ဘာပလက်ဖောင်းများ ဖန်တီးရေးသည် အရေးတကြီး ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ ဖြစ်လာပါကြောင်း၊ စီမံကိန်းကထွက်လာသည့် ရလဒ်များသည် မြန်မာစာအရေးအသား မှန်ကန်စေရေးအတွက် အထောက်အကူဖြစ်မည့် spell checking ၊ text prediction စသည့် အက်ပလီကေးရှင်းများကို ဖန်တီးတီထွင်နိုင်ပြီး ရုံးများ၊ ကျောင်းများသာမက အများပြည်သူများအတွက်လည်း အကျိုးများစေမည် ဖြစ်ပါကြောင်း၊ စီမံကိန်းမှရရှိလာသည့် အဆင့်မြင့်နည်းပညာရလဒ်များသည် နိုင်ငံတော်၏ ဒစ်ဂျစ်တယ်စီးပွားရေးနှင့် e-Governance ကွန်ရက်များကို အဆင့်မြှင့်တင်ပေးရန်အတွက် အထောက်အပံ့ကောင်းတစ်ခု ဖြစ်လာရန်မျှော်လင့်ပါကြောင်း ပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က စီမံကိန်းနှင့် ပတ်သက်၍ မိတ်ဆက်ရှင်းလင်းဆွေးနွေးပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက စီမံကိန်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ စီမံကိန်းဒါရိုက်တာ AI နည်းပညာရှင် ဒေါက်တာတင်ဘုန်းကျော်က စီမံကိန်းတိုးတက်အောင်မြင်မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နည်းပညာလုပ်ငန်း ကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်ကွန်ပျူတာတက္ကသိုလ် NLPဌာနပါမောက္ခ ဒေါက်တာဝင်းပပက နည်းပညာလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဦးစီးကော်မတီ တွဲဖက်အတွင်းရေးမှူး၊ ဘာသာဗေဒလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ဒေါက်တာသန့်စင်အေးက ဘာသာဗေဒလုပ်ငန်းဆိုင်ရာ ရှင်းလင်းတင်ပြပြီး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးကြသည်။
အစည်းအဝေးသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာနတို့မှ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများ၊ တာဝန်ရှိသူများ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်တို့မှ တာဝန်ရှိသူများနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
