ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ် (တောင်ပိုင်း) ရှိ အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၄ အောက်တိုဘာ ၂၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်နှင့် တာ၀န်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်ခဲ့သည့် ကလောမြို့နယ် အမှတ် (၁) အခြေခံပညာ ကျောင်းသို့ရောက်ရှိပြီး အဆောက်အဦများ ပျက်စီးဆုံးရှုံးခဲ့မှု၊ ပြုပြင်ထိန်းသိမ်းထားရှိမှု၊ ဆောင်ရွက်ပြီးစီးမှုနှင့် ထပ်မံဖြည့်ဆည်း ဆောင်ရွက်ပေးရမည့် လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ကျောင်းသား ကျောင်းသူများ အစားထိုး နှစ်ဝက်ဆုံးတတ်မြောက်မှု စစ်ဆေးအကဲဖြတ်သည့် စာမေးပွဲဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှု အားပေးကာ ဆရာ ဆရာမများ၏ တင်ပြချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် အမှတ်(၇) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်း ကျောင်း(အင်းခေါင်း) နှင့် အမှတ်(၄)အခြေခံပညာ အလယ်တန်းကျောင်း (ခွဲ)တို့သို့ သွားရောက်ပြီး မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ ကလောမြို့နယ်ရှိ ကျောင်းများပြန်လည်ဖွင့်လှစ် သင်ကြားသင်ယူမှု အခြေအနေများ၊ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် တောင်ကြီးမြို့ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း၌ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမှ ပညာရေးဝန်ကြီးဌာန အရာထမ်း၊ အမှုထမ်းများ၊ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ၅နှစ်သင်တန်း အမှတ်စဉ်(၆) ကျောင်းသား ကျောင်းသူများတွေ့ဆုံပွဲ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်က ကျောင်းသား ကျောင်းသူများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကို မှန်ကန်အောင် တည့်မတ်ပေးရေးသည် ဆရာ ဆရာမများ၏ တာဝန်ပင်ဖြစ်ကြောင်း၊ ထို့ပြင် တာဝန်ကျရာ ဒေသအသီးသီးက စာသင်ကျောင်းများတွင် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းနေရာခိုင်နှုန်း မြင့်မားရေး၊ ကျောင်းသား ကျောင်းသူများကို အတန်းပညာတတ်မြောက်စေရေး၊ တန်းစဉ်ကူးပြောင်းနှုန်း မြင့်မားစေရေးသာမက ဉာဏ်ပညာနှင့် တည်ဆောက်ထားသည့် လူ့ဘောင်အသိုင်းအဝိုင်း ဖြစ်ပေါ်လာစေရေးအတွက် အလေးထားကြိုးပမ်း ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ အဆိုပါလုပ်ငန်းများကို အဓိကအကောင်အထည်ဖော် ဆောင်ရွက်နေကြသည့် ဆရာ ဆရာမများ အနေဖြင့် အလေးထား အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုပါကြောင်း ပြောကြားကာ ကျောင်းအလိုက် လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့ အခြေခံပညာအလယ်တန်းကျောင်း ဘုရားဖြူ (မြောက်) နှင့် အမှတ်(၇)အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းအကျိုးတော်ဆောင်နှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကာ  ကျောင်းအတွင်း တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။