ရန်ကုန် ၂၀၂၄ အောက်တိုဘာ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လှည်းကူးပညာရေးဒီဂရီကောလိပ်ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး ဆရာ ဆရာမများနှင့် တွေ့ဆုံကာ သင်ကြားရေး ဆရာ ဆရာမများနှင့် ဓာတ်ခွဲခန်းကျွမ်းကျင် ဝန်ထမ်းလိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် လှည်းကူးပညာရေး ဒီဂရီကောလိပ်တိုးတက်ရေး အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြား၍ တင်ပြချက်ကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပဲခူးမြို့ အခြေခံပညာ အထက်တန်းကျောင်း အင်းတကော်နှင့် ပဲခူးတက္ကသိုလ်တို့သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ပါမောက္ခချုပ်၊ ဒုတိယ ပါမောက္ခချုပ်များ၊ တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့်တွေ့ဆုံ၍ တက္ကသိုလ်များနှင့် ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ စိမ်းလန်းစိုပြည် သာယာလှပရေးတို့ကို အထူးအလေးထား ဆောင်ရွက်ကြရန်၊ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ပညာသင်ယူနိုင်ရေး၊ အရည်အသွေးရှိသော ကျောင်းသား ကျောင်းသူများဖြစ်လာစေရန် ပြုစုပျိုးထောင်ပေးရေး ကိစ္စရပ်များကို ဆွေးနွေးမှာကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးရှိ အမှတ် (၁၀) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)၊ ရန်ကုန်တိုင်းဒေသကြီး လှည်းကူးမြို့ရှိ အခြေခံပညာ အထက်တန်းကျောင်း (အင်းတိုင်) နှင့် အခြေခံပညာ အထက်တန်းကျောင်း (ကျွန်းကလေး) ကျောင်းတို့သို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး ကျောင်းများ၏ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ စာသင်ဆောင်၊ သင်ထောက်ကူပစ္စည်းများ၊ သောက်သုံးရေနှင့် သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် မြို့နယ်အသီးသီးမှ ပညာရေးဘွဲ့နှင့် ပညာရေးဒီပလိုမာဘွဲ့ သင်တန်းသားများနှင့် ပညာရေးတက္ကသိုလ် Learning Hub ၌ တွေ့ဆုံပြီး မိမိတို့သင်ကြားရမည့် ဘာသာရပ်များတွင်သာမက ဆက်စပ်ပညာရပ်များကိုပါ ကျွမ်းကျင်မှုရှိစေရေး စဉ်ဆက်မပြတ်လေ့လာကြရန်၊ အရည်အချင်းရှိသော ကျောင်းသား ကျောင်းသူများ မွေးထုတ်ပေးရန် ကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။
