နေပြည်တော် ၂၀၂၄ ဇူလိုင် ၂၃
ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲ (ဒုတိယနေ့) ကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ဆက်လက်ကျင်းပသည်။
ဆွေးနွေးပွဲတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ဆရာ ဆရာမများအနေဖြင့် ပညာရေးဆိုင်ရာ စာရင်းအချက်အလက်များ တိကျမှန်ကန်မှုရှိအောင် ပြုစုဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ အောက်ခြေမြေပြင်၏ မှန်ကန်တိကျသော ပညာရေးဆိုင်ရာ စာရင်းအချက်အလက်များကို အခြေခံ၍ အရည်အသွေးရှိသော ပညာရေး ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည်ဖော် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အောက်ခြေ မြေပြင်တွင်ဖြစ်ပေါ်သည့် သတင်းအချက်အလက်များ၊ ထူးခြားဖြစ်စဉ်များကို အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး အဆင့်ဆင့်တင်ပြကြရန်လိုကြောင်း၊ စာသင်ကျောင်း၊ ဆရာ၊ ကျောင်းသား၊ ဝန်ထမ်း၊ ကျား၊ မ စာရင်းများ ပြုစု၍ မှတ်တမ်းတင်ထားရမည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းများသည် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလွန်အရေးပါကြောင်း၊ မြန်မာနိုင်ငံလူဦးရေ၏ သုံးပုံတစ်ပုံခန့်ရှိသော ကျောင်းသား ကျောင်းသူများကို ပညာတတ် လူတော်လူကောင်းများဖြစ်အောင် ဆရာ ဆရာမများအနေဖြင့် ဝိုင်းဝန်းလက်တွဲ၍ ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက စာရင်းအချက်အလက်များ မွမ်းမံခြင်းဆိုင်ရာကိစ္စရပ်များ၊ တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်မည့် ပညာရေးလုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးမှာကြားပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
