ဆရာ ဆရာမများအနေဖြင့် အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ်တတ်အောင်သင်၍ တော်အောင်လေ့ကျင့်ပေးကြရမည်

 

နေပြည်တော် ၂၀၂၄ ဇူလိုင် ၂၂

 

ပညာရေးဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန၌ ကျင်းပသည်။

 

ဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက အခက်အခဲများရှိသည့်တိုင် ကျောင်းများအားလုံး ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှုအခွင့်အလမ်းများ အပြည့်အဝ ရရှိစေရေး အတွက် ကျရာတာဝန်များကို ကျေပွန်အောင် ဆောင်ရွက်ပေးခဲ့ကြသော ဆရာ ဆရာမများ အားလုံးကို ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် အနာဂတ်မျိုးဆက်သစ်များဖြစ်သည့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ်တတ် အောင်သင်၍ တော်အောင်လေ့ကျင့် ပေးကြရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမများ အရည်အသွေး တိုးတက်ရေးအတွက် ဘာသာရပ်မွမ်းမံသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရာတွင် အမှန်တကယ် အရည်အသွေးတိုးတက်အောင် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း။

 

ပါမောက္ခချုပ်များ၊ ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများ၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများအနေဖြင့် မိမိတို့တာဝန်ယူရသည့် နေရာဒေသ များ၊ စာသင်ခန်းများကို မြေပြင်ကွင်းဆင်းလေ့လာ၍ ပညာရေး အရည်အသွေး တိုးတက်အောင်‌ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တက္ကသိုလ်များတွင်ရှိသည့် သုတေသန စက်ပစ္စည်းများ၊ သင်ထောက်ကူ ပစ္စည်းများစာရင်းနှင့် ထပ်မံလိုအပ်သည့်ပစ္စည်း စာရင်းများ စနစ်တကျ တင်ပြ ရန်လိုကြောင်း၊ သုတေသနပစ္စည်းများကို အကျိုးရှိထိရောက်အောင် စနစ်တကျ သုံးစွဲဆောင်ရွက် ကြစေလိုကြောင်း၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးကို အလေးထားဆောင်ရွက် ထားကြရမည်ဖြစ်ကြောင်း၊ ကျောင်းသားလူငယ် များကို ဘာသာရပ်ဆိုင်ရာ ပညာတတ်ရုံသာမက အနာဂတ်သားကောင်းရတနာများ ဖြစ်လာစေရေးအတွက် ဂါရဝတရားရှိရန်၊ မိမိနိုင်ငံ၏ ယဉ်ကျေးမှုကို ထိန်းသိမ်းရန်၊  အကျင့်စာရိတ္တ ကောင်းမွန်ရန်၊ တိုင်းချစ်ပြည်ချစ်စိတ် ရှိစေရန် ပြုစုပျိုးထောင် ပေးကြရမည်ဖြစ်ကြောင်း ဆွေးနွေးမှာကြားသည်။

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက တက္ကသိုလ်များ၊ ဒီဂရီကောလိပ်များ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ပညာရေးကဏ္ဍဆိုင်ရာ လိုအပ်ချက်များ၊ ဆက်လက်ဆောင်ရွက်ရမည့် ပညာရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပြန်လည်ဆွေးနွေးမှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။