ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ၂၀၂၄ ဇူလိုင် ၁၂

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့် အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းသို့သွားရောက်၍ သိပ္ပံလက်တွေ့ခန်းများ၊ စာကြည့်တိုက်နှင့် ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည် ကြည့်ရှုအားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုံမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ လာရောက်ပညာသင်ယူနေကြသည့် ဟားခါးပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ပြီး အလုံမြို့နယ် အမှတ်(၇) အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးဆောင်ရွက်ထားမှုနှင့် ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။ 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ၂၀၂၄ ခုနှစ် အခြေခံကဗျာလွတ် (ပထမအဆင့်) သင်တန်းတက်ရောက်နေကြသည့် ဆရာ ဆရာမများနှင့်တွေ့ဆုံကာ ကျောင်းသား ကျောင်းသူ များကို လိမ္မာယဉ်ကျေးပြီး နိုင်ငံတော်ကိုချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ် အပြည့်ရှိ၍ မိမိတို့နိုင်ငံ၏ ယဉ်ကျေးမှုဓလေ့များကို မြတ်နိုးထိန်းသိမ်းတန်ဖိုးထားတတ်စေရေး သင်ကြားပေးရန် ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ဒဂုံမြို့နယ် အမှတ်(၁)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ ကမာရွတ်မြို့နယ် လေ့ကျင့်ရေး အထက်တန်းကျောင်း၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း (သုဝဏ္ဏ) တို့သို့သွားရောက်၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများ၊ ကျောင်းကျန်းမာရေး ဆောင်ရွက်ထားရှိမှုများနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှု အားပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သင်္ဃန်းကျွန်းမြို့နယ် သင်္ဃန်းကျွန်းပညာရေးဒီဂရီ ကောလိပ်သို့ရောက်ရှိကာ ကျောင်းအုပ်ကြီး၊ ဆရာဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး၏ တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မင်္ဂလာဒုံမြို့နယ် အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ကျောင်းသားကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။