ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ဧရာ၀တီတိုင်းဒေသကြီးရှိ ပညာရေးဒီဂရီကောလိပ်များ၊ အခြေခံပညာကျောင်းများသို့ သွားရောက်၍ အေးချမ်းစွာပညာသင်ကြားနေမှု ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ၂၀၂၄ ဇူလိုင် ၁၀

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့ ပညာရေး ဒီဂရီကောလိပ်သို့ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ပညာရေးကောင်းမွန်မှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ ပညာရေးကောင်းမွန်ရန် သင်တန်းသား သင်တန်းသူများသည် အဓိကနေရာမှ ပါဝင်ဆောင်ရွက်ကြရမည့် ဆရာ ဆရာမလောင်းများဖြစ်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို လိမ္မာယဉ်ကျေးပြီး နိုင်ငံတော်ကို ချစ်စိတ်၊ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိရန်နှင့် ယဉ်ကျေးမှုဓလေ့များကို တန်ဖိုးထားတတ်စေရန် သင်ကြားပေးရမည်ဖြစ်ကြောင်း၊ ဆရာ ဆရာမ အလုပ်သည် စေတနာပရဟိတ အလုပ်ဖြစ်သည့်အတွက် စေတနာထားပြီး သင်ကြားပေးစေလိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ် ဂုန်နီကျေးရွာ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ ရောက်ရှိကြပြီး ကျောင်းသား ကျောင်းသူများ စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုကာ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအတွက် ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန် ပစ္စည်းများပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့နယ် သိလ္လာကျေးရွာ အခြေခံပညာ အထက်တန်းကျောင်း၊ ရေတွင်းရေကန်ကျေးရွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိကြပြီး ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးပြီး KG တန်း၊ မူလတန်းနှင့် အလယ်တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုးလွယ်အိတ်များ၊ ဗလာစာအုပ်များ၊ ကျောင်းသုံးစာရေးကိရိယာများပေးအပ်သည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြောင်းမြမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဧည့်ရိပ်သာ၌ မြောင်းမြမြို့ရှိ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံကာ ကျောင်းအုပ်ကြီးများအနေဖြင့် ကျောင်းဆောင်များ ဆောက်လုပ်ခြင်းနှင့် ပြုပြင်မွမ်းမံရာတွင် လေလွင့်ဆုံးရှုံးမှုမရှိစေရန်စနစ်တကျ ကြီးကြပ်ရေး၊ ကျောင်းများ၌ ရေသန့်စက်နှင့် ရေလုံလောက်မှုရှိစေရေး၊ သန့်စင်ခန်းများ လုံလောက်မှုရှိစေရေး၊ ကျောင်းပတ်ဝန်းကျင်လုံခြုံစေရန်ခြံစည်းရိုးများ စနစ်တကျကာရံရေးတို့ကို မှာကြားကာ တင်ပြချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြမြို့ ဘုရားချောင်း အခြေခံပညာမူလတန်း(လွန်)ကျောင်းသို့ ရောက်ရှိပြီး ကျောင်းဥပဓိ ရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုကို ကြည့်ရှုအားပေး၍ KG တန်း ကျောင်းသား ကျောင်းသူများအတွက် ကျောပိုး လွယ်အိတ်များ ပေးအပ်သည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ပုသိမ်မြို့ ပညာရေးဒီဂရီကောလိပ်၊ ပုသိမ်မြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြက်တို၊ အမှတ်(၉)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတို့သို့ ရောက်ရှိကြပြီး ကျောင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ်များကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး၊ ကျောင်းတွင်း မုန့်ဆိုင်တန်းများ သန့်ရှင်းသပ်ရပ်ရေးကိစ္စရပ်များကို မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။