ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပြည်တက္ကသိုလ်မုခ်ဦးသစ်ဖွင့်လှစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၄ ဇူလိုင် ၅

 

ပြည်တက္ကသိုလ် မုခ်ဦးသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ အဆိုပါတက္ကသိုလ်၌ ကျင်းပသည်။

အခမ်းအနားတွင် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ပြည်တက္ကသိုလ် ပါမောက္ခချုပ်၊ ပြည်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဒေသကိုယ်စားပြု ကိုယ်စားလှယ်တို့က ပြည်တက္ကသိုလ်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က မုခ်ဦးအသစ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးကာ အမွှေးနံ့သာရည် ပက်ဖျန်းပေးသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်း ဒေသကြီး (အနောက်ခြမ်း) ပြည်ခရိုင်၊ ရွှေတောင်မြို့ရှိ ရွှေတောင်စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ ပညာ သင်ကြားလေ့ကျင့်နေမှုနှင့် အဆိုပါ ကျောင်းအတွင်း သရုပ်ပြစိုက်ခင်းများ စိုက်ပျိုးထားမှုကို လှည့်လည်ကြည့်ရှု အားပေးသည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ပြည်တက္ကသိုလ်သို့ရောက်ရှိကြပြီး ဆွေးနွေးခန်းများ၊ ဓာတ်ခွဲခန်းများ၊ လက်တွေ့ခန်းများနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ယူနေမှုကိုလည်းကောင်း၊ တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ် စိမ်းလန်းစိုပြည်ရေး၊ တက္ကသိုလ်ပရိဝုဏ် သန့်ရှင်းသာယာရေး ကိစ္စရပ်များကို လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း ဆောက်လုပ်မည့် အပန်းဖြေရိပ်သာ မြေနေရာကိုလည်းကောင်း၊ စာအုပ်ပြပွဲ အရောင်းဆိုင်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များမှာကြား၍ ဘက်စုံသုံးခန်းမ၌ ပြည်တက္ကသိုလ် စာကြည့်တိုက် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး‌ ဟောပြောပွဲ  ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဒုတိယဝန်ကြီးသည် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ ဌာနမှူးများနှင့်တွေ့ဆုံပြီး စဉ်းစားတွေးခေါ်မှုကို အားပေးသော သင်ကြားနည်းစနစ်များကို ခေတ်နှင့်အညီ ကျင့်သုံးရေး၊ ပညာရေးမြှင့်တင်နိုင်မည့် အကြံပြုချက်များ စုဆောင်းပေးပို့ရေး ကိစ္စရပ်များကို ဆွေးနွေးသည်။  

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၅) အခြေခံပညာအထက်တန်းကျောင်းနှင့် PEC ကိုယ်ပိုင်အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး စာသင်ခန်းများ၌ ကျောင်းသား ကျောင်းသူများ  အေးချမ်းပျော်ရွှင်စွာ စာပေသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေးကာ  သိပ္ပံခန်းနှင့် စာကြည့်တိုက်များကို ကြည့်ရှုစစ်ဆေးသည်။        

ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ပြည်ပညာရေးဒီဂရီကောလိပ်သို့ သွားရောက်ပြီး ဘောလုံးအားကစားသမားများ ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးကာ ပြည်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးထံ အားကစားပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။