ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ မိတ္ထီလာမြို့ရှိ တက္ကသိုလ်၊ ပညာရေးဒီဂရီကောလိပ်များနှင့်အခြေခံပညာကျောင်းများ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၄ ဇူလိုင် ၂

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မိတ္ထီလာတက္ကသိုလ်၊ မိတ္ထီလာပညာရေးဒီဂရီကောလိပ်ကျောင်းနှင့် မိတ္ထီလာမြို့ရှိ အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာတက္ကသိုလ်သို့ ရောက်ရှိပြီး သဟာယခန်းတွင် မိတ္ထီလာတက္ကသိုလ်၏ Master plan ကို ကြည့်ရှုစစ်ဆေး၍ စာသင်ဆောင်များ၊ အရာထမ်း၊ အမှုထမ်းအိမ်ရာနှင့် ကျောင်းသား ကျောင်းသူအိပ်ဆောင်များ၊ တည်ဆောက်နေရာချထားမှုများ နှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသည်။ ယင်းနောက် တက္ကသိုလ်ဝင်းအတွင်း လှည့်လည်၍ မိတ္ထီလာတက္ကသိုလ်သုတေသနစင်တာ တည်ဆောက်ပြီးစီးမှုအခြေအနေများနှင့် စာသင်ဆောင်များ၊ အရာထမ်း၊ အမှုထမ်းအိမ်ရာများ၊ ကျောင်းသား ကျောင်းသူအိပ်‌ဆောင်များ၊ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းအတွင်း အေးချမ်းစွာ ပညာသင်ကြားနေကြသည့် ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားသည်။

 

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ ဆရာ ဆရာမများ၊ စီမံဝန်ထမ်းများနှင့်တွေ့ဆုံ၍   ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို ဗလငါးတန်နှင့် ပြည့်စုံပြီး အမှန်တကယ်ကျွမ်းကျင် တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချပေးကြစေလိုပါကြောင်း၊ သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ကြရန်နှင့် ဆရာ ဆရာမများကိုယ်တိုင်က မိမိတို့ဘာသာရပ်ဆိုင်ရာ စာအုပ်၊ စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေကြရန်လိုအပ်ပါကြောင်း၊ လက်တွေ့ခန်းသုံး၊ သုတေသနသုံးစက်ပစ္စည်းများကိုလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံးပြုဆောင်ရွက်ကြစေလိုပါကြောင်း၊ တက္ကသိုလ်ဖွံ့ဖြိုး တိုးတက်ရေးအတွက် သင်ကြားရေးအပြင် စီမံဘဏ္ဍာဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်ကြစေလိုပါကြောင်း၊  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်စေရုံမျှမက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသော လူတော်လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြားပေးစေလိုပါကြောင်း၊ မိမိတို့တက္ကသိုလ်၏ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေး တိုးတက်မြင့်မားအောင် အားလုံးက ညီညီညွတ်ညွတ် လက်တွဲဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း မှာကြားပြီး ဌာနအလိုက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ကျောင်းအတွင်း တည်ဆောက်ဆဲ အဆောက်အအုံများ၊ တည်ဆောက်ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း၊ အဆောက်အအုံများနှင့် မြေနေရာများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်း‌ ဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာမြို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း(ရှမ်းတဲ)၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။