ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်သည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း၏ မဟာဗျူဟာမြောက် တွန်းအားတစ်ရပ် ဖြစ်လာမည်

 

နေပြည်တော် ၂၀၂၄ ဇွန် ၁၇

 

ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်မူဝါဒကြေညာချက် (Ministry Quality Assurance System- MQAS) မိတ်ဆက်ခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးဝန်ကြီးဌာနနှင့် ဆက်စပ်ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများ၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာနအတွင်း အရည်အသွေးအာမခံမှု စနစ်ကို ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် (Ministry Quality Assurance System - MQAS) အဖြစ် ရည်ညွှန်းသွားမည်ဖြစ်ကြောင်း၊ MQAS ကို မူကြိုတန်းများ၊ ကျောင်းပြင်ပ ပညာရေးစခန်းများ၊ အခြေခံပညာကျောင်းများ၊ ကောလိပ်များ၊ ပညာရေးဒီဂရီကောလိပ်များ၊ တက္ကသိုလ်များအစရှိသည့် ပညာသင်ယူရာနေရာများ၊ ဦးစီးဌာနများနှင့် ပညာရေးနှင့်ဆက်စပ် အဖွဲ့အစည်းများ အားလုံးမှတစ်ဆင့် အကောင်အထည်ဖော်သွားကြရန်ဖြစ်ကြောင်း၊ ပညာရေး ဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဦးစီးဌာနအလိုက် အရည်အသွေးအာမခံမှု (Internal Quality Assurance - IQA) လုပ်ထုံးလုပ်နည်းများကို ရေးဆွဲ၊ ဖော်ထုတ်၊ အကောင်အထည်ဖော်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်ကို အသုံးပြုရန်ဖြစ်ကြောင်း၊ အခြေခံပညာ ကဏ္ဍတွင် ကျောင်းအရည်အသွေးအာမခံမှု စံသတ်မှတ်ချက်အညွှန်းဘောင် (School Quality Assurance Standards Framework - SQASF) ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး တိုးတက်မှုရရှိခဲ့သည်ကိုတွေ့ရကြောင်း၊ ဆရာအတတ်ပညာကဏ္ဍတွင်လည်း ဆရာအတတ်ပညာ ကျွမ်းကျင်မှု စံသတ်မှတ်ချက်အညွှန်းဘောင် (Teacher Competency Standards Framework– TCSF) ကို  ရေးဆွဲဆောင်ရွက်လျက်ရှိကြောင်း။

ဦးစီးဌာနများနှင့် ပညာသင်ယူရာနေရာများ၊ ကျောင်းများအားလုံးတွင် အရည်အသွေး စံသတ်မှတ်ခြင်းနှင့် သတ်မှတ်ထားသည့်စံနှင့်အညီ လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်းတို့ကို ကြီးကြပ်အကဲဖြတ်လမ်းညွှန်မှု လုပ်ငန်းစဉ်များနှင့် ဦးစားပေးဆောင်ရွက်မည်ဖြစ်သည့်အတွက် ပညာရေးပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ်သည် အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (NESP)၏ မဟာ ဗျူဟာမြောက် တွန်းအားတစ်ရပ်လည်းဖြစ်လာမည်ဖြစ်ကြောင်း၊ မိမိတို့ ပညာရေးဝန်ကြီးဌာန အနေဖြင့် အသိပညာ၊ အတတ်ပညာ၊ ပင်ကိုအရည်အသွေး၊ စွမ်းရည်များနှင့် ပြည့်စုံသည့် လူ့စွမ်းအားအရင်းအမြစ်များကို မွေးထုတ်ပေးနိုင်သောဘက်စုံပညာရေးကဏ္ဍကို မြှင့်တင်ကြိုးပမ်း ဆောင်ရွက်ရာတွင် ပညာရေးဝန်ကြီးဌာန အရည်အသွေးအာမခံမှုစနစ် (MQAS) ကို အကောင် အထည်ဖော်ဆောင်ရွက်ခြင်းသည် ပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှုအတွက် အဓိကဦးစားပေးလုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ဦးစီးဌာနများနှင့် ပညာသင်ယူရာ နေရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်နှင့် ကျောင်းများအားလုံးသည် မိမိတို့တာဝန်ယူဆောင်ရွက်ရမည့် လုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းပြီး အလေးထားလုပ်ဆောင်ကြရန် တိုက်တွန်းပြောကြားသည်။

ထို့နောက် ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က MQAS ရေးဆွဲခြင်းနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခဲ့သည့်လုပ်ငန်းစဉ် အဆင့်ဆင့်ကိုလည်းကောင်း၊ ပညာရေးသုတေသန၊ စီမံကိန်းနှင့်လေ့ကျင့်ရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမိုးလွင်က MQAS တွင် ပါဝင်သည့် အကြောင်းအရာများနှင့် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကိုလည်းကောင်း ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး သည် တက်ရောက်လာသူများနှင့်အတူ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်သည်။

ထို့နောက် အစီအစဉ် ဒုတိယပိုင်းကို ကျင်းပရာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က တာဝန်နှင့်ဝတ္တရားများ၊ လုပ်ငန်းတာဝန်များ အကောင် အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးပြီး ပညာရေးဝန်ကြီးဌာန အဆင့်၊ ဦးစီးဌာနအဆင့်နှင့် ပညာသင်ယူရာနေရာများဆိုင်ရာအဆင့် (အခြေခံပညာကဏ္ဍ၊ အဆင့်မြင့်ပညာကဏ္ဍ၊ ဆရာအတတ်ပညာကဏ္ဍနှင့် ကျောင်းပြင်ပပညာရေးကဏ္ဍ)များအလိုက် အုပ်စုများခွဲ၍ ဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သတင်းရရှိသည်။