ရန်ကုန် ၂၀၂၄ ဇွန် ၇
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဧရာ၀တီတိုင်း ဒေသကြီး လူမှုရေးရာ၀န်ကြီး ဦးခင်မောင်ကြည်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မအူပင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းများသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ကျောင်းသား ကျောင်းသူများအနေဖြင့် ပညာသင်ကြားရမည့်အရွယ်တွင် ပညာကိုအမြဲမပြတ် ကြိုးစားသင်ယူရန်နှင့် မိမိတို့၏ ရည်မှန်း ချက်များ အောင်မြင်စေရေးအတွက် စာသင်နှစ်စကတည်းက ပညာကိုကြိုးစားသင်ယူကြစေလိုကြောင်း၊ မိမိတို့သင်ယူနေသည့် ဘာသာရပ်များကို တန်ဖိုးထားပြီး ထူးချွန်စေရန် ကြိုးစား သင်ယူလေ့လာကြစေလိုကြောင်း ပြောကြားပြီး ကျောင်းဝန်းအတွင်းရှိ စာသင်ခန်းများ၊ စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာ၀န်ရှိသူများသည် မအူပင်တက္ကသိုလ်သို့ ရောက်ရှိပြီး မိုးလုံလေလုံ အားကစားခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများ၊ ဆရာ ဆရာမများ၊ အရာထမ်းများ၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများအား စေတနာအပြည့်အဝဖြင့် အမှန်တကယ်ကျွမ်းကျင် တတ်မြောက်သူများဖြစ်အောင် သင်ကြားပို့ချပေးကြစေလိုပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိစေရန်အတွက် စာကြည့်တိုက်များကို အသုံးပြု၍ စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှု လေ့လာနေကြရန်လိုအပ်ပါကြောင်း၊ ဆရာ ဆရာမများသည် စဉ်ဆက်မပြတ် လေ့လာနေမှသာလျှင် ကိုယ်ရည်ကိုယ်သွေးမြင့်မားလာပြီး မိမိတို့၏တပည့်များကို မိမိတို့ထက် ပိုမို ထူးချွန်ကာ အရည်အချင်းရှိသော ကျောင်းသား ကျောင်းသူများကို မွေးထုတ်ပေးနိုင်မည် ဖြစ်ပါ ကြောင်း ပြောကြားပြီး ဌာနအလိုက် ဆရာ ဆရာမများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ညောင်တုန်းခရိုင် ဆားမလောက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက်ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုပြီး အားပေးစကားပြောကြားသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်သို့ ရောက်ရှိကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ် ပရဝဏ်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို ကြည့်ရှုစစ်ဆေးပြီး ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံ၍ လိုအပ်သည်များမှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
