ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ ဒဂုံတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် အခြေခံပညာကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှု လှည့်လည်ကြည့်ရှုအားပေး

 

ရန်ကုန် ၂၀၂၄ ဇွန် ၆

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်း‌ဒေသကြီး ဒဂုံမြို့သစ်(မြောက်ပိုင်း)ရှိ ဒဂုံတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ဆောင်များ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းဝင်းအတွင်း သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုနှင့် ကျောင်း၀င်းလုံခြုံမှုရှိစေရေးဆောင်ရွက်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးကာ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးသည်  ဒဂုံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခများ၊ တွဲဖက်ပါမောက္ခများနှင့် တွေ့ဆုံသည်။

ထိုသို့တွေ့ဆုံစဉ် ပြည်ထောင်စု၀န်ကြီးက နိုင်ငံတော်၏ပညာရေးကဏ္ဍတွင် တာ၀န်ထမ်းဆောင်နေကြစဉ်အတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားသွန်ခွန်စိုက် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း၊ ဘာသာရပ်များအားလုံးရှိ ဆရာ ဆရာမများ၏ အရည် အ‌သွေးမြှင့်တင်ရန် မွမ်းမံသင်တန်းများပေးရန် လိုအပ်ကြောင်း၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို သင်ကြားရာတွင် မိမိတို့၏ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများသာမက ဆက်စပ်ဘာသာရပ်များကိုပါ ကျွမ်းကျင်မှုရှိ‌စေရန်အတွက် စာအုပ်စာပေများကို အမြဲမပြတ် ဖတ်ရှုလေ့လာနေကြရန်လိုအပ်ကြောင်း၊ အရည်အသွေးရှိသော ပညာရေးကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ဝန်ထမ်းအချင်းချင်း မေတ္တာတရားရှေ့ထားပြီး စည်းလုံးညီညွတ်စွာ လုပ်ငန်းတာဝန်များကို ပူးပေါင်း‌ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စု၀န်ကြီးသည် ဒဂုံတက္ကသိုလ်တွင် ရုက္ခဗေဒဘာသာရပ်နှင့် ဇီ၀ဓာတုဗေဒဘာသာရပ်များကို အေးချမ်းပျော်ရွှင်စွာ ပညာသင်ယူနေကြသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည် ကြည့်ရှုပြီးအားပေးစကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး)သို့ရောက်ရှိကာ တက္ကသိုလ်၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ တက္ကသိုလ် ပရဝဏ်အတွင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားရှိမှုများကို ကြည့်ရှု စစ်ဆေးသည်။

 ယင်းနောက် ပြည်ထောင်စု၀န်ကြီးသည် ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေး အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ဘာသာရပ်ဆိုင်ရာ လက်တွေ့ ဆောင်ရွက်နေမှုနှင့် အခြေခံပညာအလယ်တန်းကျောင်း (မြန်မာ့သားကောင်း)၌ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ အတန်းတက်ရောက် ပညာသင်ယူနေမှုတို့ကို လှည့်လည်ကြည့်ရှု အားပေးပြီး မိမိတို့ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ ကျွမ်းကျင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့၏ရည်မှန်းချက်များ အောင်မြင်စေရန် ကြိုးစားသင်ယူကြစေလိုကြောင်း ပြောကြားသည်။

ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် ဝိဇ္ဇာခန်းမတွင် ရန်ကုန် တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံပြီး ကျောင်းနေအရွယ်ကလေးအားလုံး စာသင်ခန်းအတွင်းရောက်ရှိရေးသည် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအားလုံးတွင် တာဝန်ရှိကြောင်း၊ KG+9 (အခြေခံပညာအလယ်တန်းအဆင့်) ပြီးမြောက်စေရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊  အခြေခံပညာ အလယ်တန်းအဆင့် အောင်မြင်ပြီးမြောက်သူများအတွက် ခရိုင်အလိုက် ဖွင့်လှစ်ထားရှိသည့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်းများတွင် မိမိတို့ စိတ်ပါဝင်စားရာ ဘာသာရပ်အလိုက် တက်ရောက်သင်ယူနိုင်ရန်အတွက် ဆရာ ဆရာမများအနေဖြင့် အလယ်တန်းအဆင့်ကျောင်းသားများကို ရှင်းလင်း ပြောကြားကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စု၀န်ကြီးက တက်ရောက်လာသော မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ် ဆရာ ဆရာမကြီးများ၏ တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်များရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၅ ရက်အထိ အခြေခံပညာ ကျောင်းသား ကျောင်းသူ ၆၈၇၇၅၀၄ ဦး လာရောက်အပ်နှံပြီးစီး ခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း သက်ဆိုင်ရာကျောင်းများထံသို့ လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။