နေပြည်တော် ၂၀၂၄ ဇွန် ၄
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မန္တလေးမြို့၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်နေမှုနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနေမှုများကို လှည့်လည် ကြည့်ရှု အားပေးသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်မြို့နယ် အမှတ်(၃၀) အခြေခံပညာ အထက်တန်းကျောင်း၊ ချမ်းအေးသာစံမြို့နယ် အမှတ်(၂၇)အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)နှင့် အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်းတို့သို့ ရောက်ရှိပြီး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ တက်ရောက် ပညာသင်ကြားနေမှုကို လှည့်လည်ကြည့်ရှုသည်။
ထိုသို့ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ပညာသင်ကြားရေးသည် လူတစ်ဦးချင်းအတွက် မဖြစ်မနေအရေးကြီးသော လိုအပ်ချက်ဖြစ်ပါကြောင်း၊ အရည်အသွေးရှိသော အသိပညာ၊ အတတ်ပညာရှင်များဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ကြရမည်ဖြစ်၍ ငယ်စဉ်ကတည်းကကြိုးစား၍ လူတော်လူကောင်း အသိပညာရှင်၊ အတတ်ပညာရှင်များ ဖြစ်အောင်ကြိုးစားကြရန် ပြောကြားပြီး စာသင်ခန်း၊ စာသင်ဆောင်များ၊ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး၊ သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုများကို လှည့်လည် ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရတနာပုံတက္ကသိုလ် သီရိမင်္ဂလာခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး လက်တွေ့ခန်းသုံး၊ သုတေသနသုံး စက်ပစ္စည်းများကိုလည်း အကျိုးရှိရှိ ထိရောက်စွာ အသုံးချစေလိုကြောင်း၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်တတ်မြောက်စေရုံမျှမက မျိုးချစ်စိတ် နိုင်ငံချစ်စိတ်ရှိသော လူတော် လူကောင်းများဖြစ်အောင် လေ့ကျင့်သင်ကြား ပေးစေလိုပါကြောင်း မှာကြားပြီး ဌာနအလိုက်တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးပညာရေးဒီဂရီကောလိပ်သို့ သွားရောက်၍ စားရိပ်သာတွင် ညနေစာစားသုံးနေမှုများကို သွားရောက်ကြည့်ရှု အားပေးကာ အသိပညာ၊ အတတ်ပညာများနှင့်ပြည့်စုံသည့် နိုင်ငံသားကောင်းရတနာများကို ပြုစုပျိုးထောင်ပေးသည့် ဆရာဆရာမ ကောင်းများ ဖြစ်လာစေရေး ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာ ကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင်ပညာရေး ကျောင်းများ၌ မေ ၂၃ ရက်မှ ဇွန် ၄ ရက်အထိ အခြေခံပညာကျောင်းသား ကျောင်းသူ ၆၆၇၂၃၂၉ ဦး လာရောက်အပ်နှံပြီးစီးခဲ့ပြီး ကျန်ရှိသည့် ကျောင်းသား ကျောင်းသူများလည်း ဆက်လက်၍ သက်ဆိုင်ရာကျောင်းများထံသို့ လာရောက် ကျောင်းအပ်နှံလျက်ရှိကြောင်း သိရသည်။
