နေပြည်တော် ၂၀၂၄ မေ ၂၃
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် မိဘပြည်သူများ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံနေကြသည်များကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ဒုတိယဝန်ကြီးက သက်ဆိုင်ရာတာဝန်ရှိသူများကို ကျောင်းနေအရွယ်ကလေးအားလုံးကျောင်းသို့ရောက်ရှိရေး၊ အနည်းဆုံးအခမဲ့အလယ်တန်းပညာ (KG+9) ပြီးမြောက်ရေး အလေးအနက်ထား အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ စာတတ်ရုံမျှမက မိမိနိုင်ငံနှင့် လူမျိုးကို တန်ဖိုးထားသည့်စိတ်၊ တိုင်းပြည်နှင့်လူမျိုးကို ချစ်မြတ်နိုးသည့်စိတ်၊ မိမိနိုင်ငံ၏ယဉ်ကျေးမှုကို တန်ဖိုးထားထိန်းသိမ်းလိုစိတ်များ ဖြစ်ထွန်းရေးအတွက် လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိကြောင်း၊ ကျောင်းနေအရွယ်ကလေးများအားလုံး ကျောင်းအပ်နှံရေးအတွက် သက်ဆိုင်ရာ မိဘအုပ်ထိန်းသူများ၊ ရပ်ရွာလူထုများ၊ ဌာနဆိုင်ရာများအနေဖြင့် အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း မှာကြားကာ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေ ၂၃ ရက်မှ ဇွန် ၂ ရက်အထိ နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများ အသီးသီးတွင် ကျောင်းအပ်နှံရေး လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ကျောင်းအပ်နှံသည့်ကလေးများအား ကျောင်းသုံးပြဋ္ဌာန်းပုံနှိပ် စာအုပ်၊ ဗလာစာအုပ်၊ ခဲတံ၊ ဘောပင်နှင့် ကျောင်းဝတ်စုံတို့ကို အခမဲ့ဖြန့်ဝေပေးလျက်ရှိသည်။
