မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၄) ကျင်းပရေး ဒုတိယအကြိမ်ညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ၂၀၂၄ ဧပြီ ၁၁

 

မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၄)ကျင်းပရေး ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြီးခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃) မှ ချမှတ်ခဲ့သည့် ရှေ့လုပ်ငန်းအစီအမံများ အကောင်အထည်ဖော်ပြီးစီးမှုကို ယခုနှစ် ညီလာခံတွင် ကဏ္ဍအလိုက် တင်ပြရေး၊ ဝန်ကြီးဌာနများမှ ပေးပို့လာသည့် ညီလာခံခေါင်းစဉ် (Main Theme)နှင့် ဆွေးနွေးပွဲခေါင်းစဉ် (Sub–Themes) များကို အတည်ပြုရေး ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ ထို့အပြင် Sub–Themes အလိုက် စာတမ်းပါဝင် ဖတ်ကြားနိုင်မှု အခြေအနေကိုလည်း ဆွေးနွေးလျာထားကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များတွင် သင်ကြားသင်ယူမှုမြှင့်တင်ရန်၊ ဆရာ ဆရာမ အရည်အသွေးမြင့်မားရေးအတွက် မွမ်းမံသင်တန်းများဖွင့်လှစ်ရန် လမ်းညွှန်မှုများရှိပါကြောင်း၊ အဆိုပါလမ်းညွှန်ချက်များကို အခြေခံ၍ ဝန်ကြီးဌာနများအနေဖြင့် ဆွေးနွေးအကြံပြုတင်ပြရန် တိုက်တွန်းပါကြောင်း၊  ပညာရေးညီလာခံ (၂၀၂၄) ကို ယခင်နှစ်ကဲ့သို့ အောင်အောင်မြင်မြင် သိုက်သိုက်ဝန်းဝန်းဖြင့် ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်းပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်က မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေး ညီလာခံ(၂၀၂၄) အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍  ဆွေးနွေးပြောကြားသည်။

ထို့နောက် ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းက ဝန်ကြီးဌာနများက ပေးပို့လာသည့် အဆိုပြုချက်များကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ တက်ရောက်လာသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ သယံဇာတနှင့်သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန စသည့် ဆက်စပ်ဝန်ကြီးဌာနများမှ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက မြန်မာနိုင်ငံလုံးဆိုင်ရာပညာရေးညီလာခံ(၂၀၂၄) အတွက် ညီလာခံခေါင်းစဉ် (Main Theme)နှင့် ဆွေးနွေးပွဲခေါင်းစဉ်များ (Sub–Themes) များ၊ Sub–Themes အလိုက် စာတမ်းပါဝင်ဖတ်ကြားနိုင်မှုအခြေအနေများ၊ ဆွေးနွေးသင့်သည့် ခေါင်းစဉ်များနှင့်စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေး အတည်ပြုခဲ့ကြောင်း သိရသည်။