နေပြည်တော် ၂၀၂၄ မတ် ၂၆
ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေး ဗဟိုအဆင့်နည်းပြသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ အမြဲတမ်းအတွင်းဝန်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်း အတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ တာဝန်ရှိသူများနှင့် ဗဟိုအဆင့်နည်းပြ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံသူ နိုင်ငံသားများ၏ စာတတ်မြောက်မှုသည် အဓိကလိုအပ်ချက်ဖြစ်သည်နှင့်အညီ ခေတ်အဆက်ဆက် နိုင်ငံတော်အစိုးရများက နိုင်ငံသားတိုင်း စာတတ်မြောက်ရေး၊ အတန်းပညာတတ်မြောက်ရေးစသည့် ပညာရေးဆိုင်ရာများကို အလေးထားဆောင်ရွက်ခဲ့ကြပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က ကျေးလက်နေပြည်သူများ၏ ပညာရေးမြှင့်တင်မှု မလွဲမသွေ ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစည်းအဝေး၌ လမ်းညွှန်မှာကြားထားရှိခဲ့ပါကြောင်း၊ သို့ဖြစ်၍ ယခုနှစ် လာမည့် ဧပြီ ၆ ရက်မှ မေ ၁၅ ရက်အထိ ရက်ပေါင်း ၄၀ ကြာ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို တစ်ရက် သင်ကြား သင်ယူချိန် သုံးနာရီဖြင့် နာရီပေါင်း ၁၂၀ သင်ကြားဆောင်ရွက် အကောင်အထည်ဖော်သွားမည်ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် စာသင်သားသုံးစာအုပ်များ၊ စာရေးကိရိယာများ၊ နည်းပြကြီးကြပ်သုံး စာအုပ်များ၊ စာရေးကိရိယာများ၊ စာသင်ဝိုင်းသုံး ထောက်ပံ့ပစ္စည်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ အချိန်မီအရောက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း။
ယခု ဗဟိုအဆင့်နည်းပြသင်တန်းကို တက်ရောက်လာကြသည့် ဗဟိုအဆင့်သင်တန်းသား သင်တန်းသူများအနေဖြင့် သင်ခန်းစာများကို တက်ကြွစွာပါဝင် သင်ယူပြီး မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဆင့်ပွားသင်တန်းများပြန်လည် ပို့ချနိုင်အောင် သင်ခန်းစာများအပေါ် ဆွေးနွေးမှုများ ပြုလုပ်ကြစေလိုပါကြောင်း၊ ဗဟိုအဆင့် နည်းပြသင်တန်းပြီးနောက် ဆင့်ပွားသင်တန်းများ ပို့ချရာတွင်လည်း မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အစိုးရအဖွဲ့၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ အခြေခံပညာတို့နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်ကြ ရမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် “မနီ စာတတ်ပြီ” စာတတ်မြောက်ရေးဗီဒီယိုဇာတ်လမ်းတိုကို ပြသပြီး အခမ်းအနားအပြီးတွင် ဒုတိယဝန်ကြီးများသည် သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။
