နေပြည်တော် ၂၀၂၄ မတ် ၁၉
ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မော်လမြိုင်တက္ကသိုလ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် သင်တန်းနှစ်အသီးသီး၏ ပထမနှစ်ဝက်နှင့် ဒုတိယနှစ်ဝက် ပညာသင်ကာလ၏ စာမေးပွဲကျင်းပနေမှုနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုကို သွားရောက်ကြည့်ရှု အားပေးသည်။
ကြည့်ရှုအားပေးစဉ် အမြဲတမ်းအတွင်းဝန်က စာမေးပွဲစည်းမျဉ်းစည်းကမ်းနှင့်အညီ စနစ်တကျကျင်းပဆောင်ရွက်သွားရန်၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးရန်၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်းအတွင်း၊ အပြင်သန့်ရှင်းရေးနှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ အလင်းရောင် လုံလောက်စွာ ရရှိရေးဆောင်ရွက်ပေးရန်နှင့် စာမေးပွဲအောင်မြင်ပြီးမြောက်သည်အထိ ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
