နေပြည်တော် ၂၀၂၄ မတ် ၁၁
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ နေပြည်တော် ကောင်စီနယ်မြေခရိုင်၊ မြို့နယ်ပညာရေးမှူးများ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနသို့ ရောက်ရှိပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးသည်။
ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲအခန်းတာဝန်ကျ ကြီးကြပ်ရေးမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများကို စနစ်သစ်ပညာရေး၏ အထက်တန်းဆင့် နောက်ဆုံး အရည်အချင်းစစ်စာမေးပွဲဖြစ်သည့် တက္ကသိုလ်ဝင်စာမေးပွဲ(Grade-12)ကို ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရန် အထူးဂရုစိုက်ဆောင်ရွက်ကြရန်၊ စာမေးပွဲဖြေဆိုသည့် စာဖြေခန်း အတွင်း၊ အပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက် ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာရရှိရန် ဆောင်ရွက်ပေးရန်၊ စနစ်သစ်ပညာရေးစနစ်တွင် ပထမဆုံး ကျင်းပသည့် တက္ကသိုလ်ဝင် (Grade-12) စာမေးပွဲကို စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီ ပါဝင်ဆေ ာင်ရွက်ပေးကြရန် မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်းရှိ စာစစ်ဌာနနှင့် နေပြည်တော် ခုတင်(၁၀၀၀)ဆေးရုံကြီးသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့အတူ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းသည် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင် ခရိုင်၊ မြို့နယ် ပညာရေးမှူးများနှင့်အတူ ပုဗ္ဗသီရိမြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၀)အခြေခံပညာအထက်တန်းကျောင်းနှင့် ဇေယျာသီရိမြို့နယ်(ရေဆင်း) အခြေခံပညာအထက်တန်းကျောင်းတို့ရှိ စာစစ်ဌာနများသို့ သွားရောက်ပြီး ကျောင်းသား ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ မြန်မာစာဘာသာရပ် အေးချမ်းစွာဖြေဆိုနေမှုကို လှည့်လည် ကြည့်ရှုအားပေးကာ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီး၊ ပြည်နယ် ပညာရေးမှူးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ သက်ဆိုင်ရာ စာစစ်ဌာနများ အသီးသီးသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြသည်။ တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ပြည်တွင်း စာစစ်ဌာန အခု ၈၃၀ နှင့် နိုင်ငံခြားစာစစ်ဌာန ၁၁ ခု၊ စာစစ်ဌာန စုစုပေါင်း ၈၄၁ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၁၄၆၅၂၃ ဦး စာရင်းပေးသွင်းကြပြီး ၁၂၈၈၀၁ ဦး ဝင်ရောက်ဖြေဆိုကြသည်။
နေပြည်တော်ကောင်စီနယ်မြေတွင် စာစစ်ဌာနစုစုပေါင်း ၄၇ ခုတွင် စာမေးပွဲဖြေဆိုရန် စုစုပေါင်း ၈၆၇၆ ဦး စာရင်းပေးသွင်းကြပြီး ၈၄၂၈ ဦး ဝင်ရောက်ဖြေဆိုကြကြောင်း သတင်းရရှိသည်။
