မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စီမံကိန်းဆိုင်ရာ လုပ်ငန်းအရည်အသွေး မြှင့်တင်ရေးသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၄ မတ် ၈

 

ပညာရေးဝန်ကြီးဌာန၊ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း၊ စီမံကိန်းဆိုင်ရာလုပ်ငန်း အရည်အသွေးမြှင့်တင်ရေးသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် ရုံးအမှတ်(၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာစာအဖွဲ့ဝင် ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းနည်းပြများ၊ သင်တန်းသားများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက သင်တန်းသို့ မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းတွင် ပူးပေါင်း တာဝန်ထမ်းဆောင် လျက်ရှိကြသော ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနတို့မှ သင်တန်းသား ဦးရေ ၉၀ တက်ရောက်ကြကြောင်း၊ သင်တန်းပထမရက်တွင် NLP/ AI နည်းပညာ လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ပါမောက္ခချုပ် ဒေါက်တာဝင်းပပက ကွန်ပျူတာဘာသာစကား လုပ်ငန်းစဉ်ဖြစ်သော NLP နည်းပညာများကို ရှင်းလင်းပို့ချ၍ သင်တန်းဒုတိယရက်တွင် စီမံကိန်းဒါရိုက်တာနှင့် လုပ်ငန်း ကော်မတီဥက္ကဋ္ဌများက ဉာဏ်ရည်တု (AI) နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပပြီး သင်တန်းတတိယရက်တွင် ဘာသာဗေဒလုပ်ငန်းကော်မတီ ဥက္ကဋ္ဌက ဘာသာဗေဒ သဘောတရားနှင့် စီမံကိန်းလုပ်ငန်းများ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ရှင်းလင်းပို့ချသဖြင့် စီမံကိန်းတာဝန်ထမ်းဆောင်မည့်သူများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်ကို ပိုမိုသိရှိနားလည်ကာ လုပ်ငန်းခွင်အရည်အသွေး ပိုမိုတိုးတက်လာစေသောကြောင့် မှတ်တမ်းတင်ဂုဏ်ပြုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ စီမံကိန်းဒါရိုက်တာ ဒေါက်တာတင်ဘုန်းကျော်က ကျေးဇူးတင်စကား ပြောကြားသည်။ ထို့နောက် ဒုတိယဝန်ကြီးက မြန်မာစာအဖွဲ့ဝင်ဆရာကြီး၊ ဆရာမကြီးများနှင့် သင်တန်းနည်းပြဆရာကြီး၊ ဆရာမကြီးများကို ဂုဏ်ပြုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ကြောင်း သိရသည်။