နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၉
ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံ သင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေး အားကစားလေ့ကျင့်ရေးစခန်း၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ အခြေခံပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ အားကစားအဖွဲ့ချုပ်များမှ နည်းပြများ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးများမှ သင်တန်းသား၊ သင်တန်းသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဒုတိယဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ လက်ရှိဖော်ဆောင်နေသည့် KG+12 ကာယပညာသင်ရိုးကို ပေါက်မြောက်အောင်မြင်စွာ အကောင်အထည်ဖော်ရမည်ဖြစ်သည့်အတွက် အလေးထားကြိုးစားကြစေလိုကြောင်း၊ အရည်အသွေးရှိသည့် ကာယပညာ ဆရာ ဆရာမများ ပေါ်ထွန်းစေရေးဖွင့်လှစ်သည့် နည်းပြမွမ်းမံသင်တန်းဖြစ်သည့်အတွက် သက်ဆိုင်ရာ အားကစားနည်း အလိုက် အမှန်တကယ် တတ်ကျွမ်းအသုံးတည့်နိုင်မည့်သူများကို ရွေးချယ်စေလွှတ်ပေးလိုက်သည်ဟု သိရှိရကြောင်း၊ သင်တန်းဖွင့်လှစ်ရာတွင် သက်ဆိုင်ရာအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းဆောင် ရွက်ရခြင်းဖြစ်၍ ပညာရေးဝန်ကြီးဌာန အခြေခံပညာဦးစီးဌာန၏ ကာယပညာနှင့် အားကစားနည်းပြ မွမ်းမံသင်တန်း၏ ဂုဏ်သိက္ခာကို မထိခိုက်စေရန် အထူးမှာကြားလိုကြောင်း၊ သင်ကြားပို့ချပေးသည့် စာတွေ့၊ လက်တွေ့သင်ခန်းစာများကို သေချာစွာဂရုစိုက်ပြီး လေ့လာမှတ်သားထားကြစေလိုကြောင်း၊ သင်တန်းတက်ရောက်စဉ်ကာလအတွင်း မိမိတို့၏ လုံခြုံရေး၊ ကျန်းမာရေးတို့ကို အထူး ဂရုစိုက်ကြရန်နှင့် ထူးချွန်ထက်မြက်ပြီး နိုင်ငံတော်အတွက် အားထားရသည့် နိုင်ငံ့သားကောင်း ရတနာများကို မွေးထုတ်ပေးနိုင်ရန် ကြိုးစားကြစေလိုကြောင်း ပြောကြားကာ သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ယနေ့ကျင်းပသည့် ကာယပညာနှင့်အားကစားနည်းပြ မွမ်းမံသင်တန်း (၁/၂၀၂၄)ကို ပညာရေးဝန်ကြီးဌာန(အခြေခံပညာဦးစီးဌာန)၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန (အားကစားနှင့် ကာယပညာဦးစီးဌာန)၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များနှင့် ပူးပေါင်းဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အားကစားနည်း ခုနစ်နည်းဖြင့် သင်တန်းသား သင်တန်းသူ ၃၁၅ ဦး တက်ရောက်ပြီး နည်းပြဆရာ နည်းပြ ဆရာမ ၃၅ ဦးတို့က ဖေဖော်ဝါရီ ၂၉ ရက်မှ မတ် ၁၀ ရက်အထိ လယ်ဝေးအားကစားလေ့ကျင့်ရေးစခန်းတွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
