နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၂၂
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမျိုးသန့်၊ နေပြည်တော်ကောင်စီနယ်မြေ ပညာရေးမှူး ဒေါက်တာကျော်လွင်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ မူလတန်းဆင့် ပဉ္စမတန်း (Grade-5)နှင့် အခြေခံပညာအလယ်တန်းဆင့် နဝမတန်း (Grade-9) နှစ်ဆုံးစာမေးပွဲတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှု အားပေးကြသည်။
ထိုသို့ ကြည့်ရှုအားပေးရာတွင် ပြည်ထောင်စုဝန်ကြီးက စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို အချိန်နှင့်တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ စာဖြေသူနှင့်စာမေးပွဲလုပ်ငန်း အနှောင့်အယှက်မဖြစ်စေရန် အထူးဂရုစိုက် ဆောင်ရွက်ကြစေလိုကြောင်း၊ စာမေးပွဲဖြေဆိုမည့် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရန်နှင့် စာဖြေခန်းအတွင်းအပြင် သန့်ရှင်းရေးနှင့် လေဝင်လေထွက်ကောင်းမွန်ရေး၊ အလင်းရောင်လုံလောက်စွာရရှိရေး၊ ကျောင်းသား ကျောင်းသူများ စာမေးပွဲကို သက်သောင့်သက်သာ ဖြေဆိုနိုင်ရေးအတွက် စာဖြေခုံများကို စနစ်တကျ ထားရှိစေလိုပါကြောင်း၊ စာမေးပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေး ဝိုင်းဝန်းကူညီ ပါဝင်ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း တာဝန်ရှိသူများကို မှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၁၁)အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ ကျောင်းဝင်းအတွင်း ဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားမှု အခြေအနေများ၊ ကျောင်းဘောလုံးကွင်း တည်ဆောက်ထားမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် ကျောင်းဝင်းအတွင်းနှင့် အပြင်များတွင် သက်ဆိုင်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကာ စနစ်တကျစောင့်ကြပ်ကြည့်ရှုပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးလျက်ရှိကြောင်း သတင်းရရှိသည်။
