သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက်သွေးကြောဖြစ် ဘာသာရပ်စာပေသင်ကြားရေးနှင့်အတူ သုတေသနပြုလုပ်ခြင်းကို ဆောင်ရွက်ကြရမည်

 

 

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ  ၂၁

 

ပညာရေးဒီဂရီကောလိပ် ဆရာ ဆရာမများအတွက် သုတေသနဆိုင်ရာအရည်အသွေးမြှင့် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ်များမှ သင်တန်းသား ဆရာ ဆရာမများနှင့် ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက သုတေသနသည် တက္ကသိုလ်၊ ဒီဂရီကောလိပ်များ၏ အသက် သွေးကြောဖြစ်ကြောင်း၊ ဘာသာရပ်စာပေသင်ကြားရေးနှင့်အတူ သုတေသနပြုလုပ်ခြင်းကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ပညာရေးဒီဂရီကောလိပ်များတွင် သင်ရိုးသစ်ဖြင့်သင်ကြားလျက်ရှိရာ ဘာသာရပ်ဆိုင်ရာသုတေသနများကို ပြုလုပ်ခြင်းဖြင့် ဆရာ ဆရာမများ၏ သင်ကြားရေး အရည်အသွေး တိုးတက်ရေးအတွက် ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးဝန်ကြီးဌာန အနေဖြင့် ဆရာ ဆရာမများအတွက် သုတေသနလုပ်ငန်းများ ပိုမိုလုပ်ဆောင်လာနိုင်ရေးအတွက် စာတမ်းဖတ်ပွဲအများအပြား ဖိတ်ခေါ်ကျင်းပဆောင်ရွက်ပေးလျက်ရှိကြောင်း၊ သုတေသနဆောင် ရွက်ရန်အတွက် သုတေသနအသုံးစရိတ်များ၊ သုတေသနဓာတ်ခွဲခန်းသုံးပစ္စည်းများကို နှစ်စဉ်တိုးမြှင့် ခွင့်ပြုပေးခဲ့သည့်အပြင် သုတေသနစင်တာများကိုလည်း တိုးချဲ့ဖွင့်လှစ်ပေးလျက်ရှိကြောင်း။

 

ဆရာ ဆရာမများအနေဖြင့် မှန်ကန်တိကျသည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ယခုလိုစွမ်းရည်မြှင့်သင်တန်းများကို စီစဉ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခု သင်တန်းမှ သုတေသနပြုလုပ်ခြင်းဆိုင်ရာ ဗဟုသုတစွမ်းရည်များကို ရရှိကြမည်ဟု မျှော်လင့်ပါကြောင်း၊ သင်တန်းတက်ရောက်ပြီးသွားသည့် ဆရာ ဆရာမများကလည်း မိမိတို့ ပညာရေးဒီဂရီကောလိပ်တွင် ဆင့်ပွားသင်တန်းများပြုလုပ်ပြီး ပညာရေးဒီဂရီကောလိပ်များရှိ ဆရာ ဆရာမများ သုတေသနဆိုင်ရာဗဟုသုတများ၊ သုတေသနစွမ်းရည်များ တိုးမြင့်စေရန် ဆောင်ရွက်ပေးကြရန် မှာကြားလိုကြောင်း ပြောကြားပြီး သင်တန်းသား သင်တန်းသူများနှင့် စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကြသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် သင်တန်းကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပရာ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်းက သုတေသနနည်းစနစ် (Research Methodology  and R Software) ခေါင်းစဉ်ဖြင့် သင်တန်းပို့ချသည်။ အဆိုပါ ပညာရေး ဒီဂရီကောလိပ် ဆရာ ဆရာမများအတွက် သုတေသနဆိုင်ရာ အရည်အသွေးမြှင့်သင်တန်းကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက်ထိ စာတွေ့၊ လက်တွေ့သင်ကြား ပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။