အခြေခံပညာကျောင်းစာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများကျင်းပရန် နီးလာပြီဖြစ်၍ စာမေးပွဲကျင်းပစဉ်ကာလများတွင် ညီညီညွတ်ညွတ်ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရမည်

 

နေပြည်တော် ၂၀၂၄ ဖေဖော်ဝါရီ ၁

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ်(၁၃)ရှိ အစည်းအဝေးခန်းမ၌ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ပညာရေးမှူးများနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးများဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တက္ကသိုလ်ပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ်ကျောင်းအုပ်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက မိမိတို့ကျောင်းအလိုက် စာကြည့်တိုက်များရှိ စာအုပ်စာတမ်းများ၊ သုတေသနသုံးစက်ပစ္စည်းများကို ကျောင်းသား ကျောင်းသူများ အလွယ်တကူ အသုံးပြုနိုင်ရေးနှင့် အသုံးပြုမှတ်တမ်းများထားရှိရေး ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ တက္ကသိုလ်များ၊ ကျောင်းများ၏ ဥပဓိရုပ်ကောင်းမွန်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသပ်ရပ်သာယာမှုရှိရေးနှင့် ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ အခြေခံပညာကျောင်းစာမေးပွဲများနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ ကျင်းပရန် နီးလာပြီ ဖြစ်၍ စာမေးပွဲကျင်းပစဉ်ကာလများတွင် အခြေခံပညာမှ ဆရာ ဆရာမများနှင့် အဆင့်မြင့်ပညာမှ ဆရာ ဆရာမများအားလုံး ညီညီညွတ်ညွတ်ပူးပေါင်း၍ အောင်မြင်အောင် ဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ဒေသအသီးသီးမှ စာဖြေကျောင်းသား ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆို နိုင်ရေးအတွက် လိုအပ်သည်များ ဖြည့်ဆည်းကူညီဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျောင်းသား ကျောင်းသူများ ပညာသင်ယူမှု အခွင့်အလမ်းရရှိအောင်၊ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် အားလုံးက ညီညွတ်စွာ ဝိုင်းဝန်းလက်တွဲ‌ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများ စဉ်းစားတွေးခေါ်မှု အားကောင်းလာစေရန် ပရောဂျက်အခြေပြု သင်ယူလေ့လာမှု (Project-based Learning) စနစ်ကို အလေးထားဆောင်ရွက်ရန် မှာကြားပြီး ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းက ပြင်ဆင်ထိန်းသိမ်းရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြား သည်။

ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်နှင့် ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်တို့က တက္ကသိုလ်များ၊ အခြေခံ ပညာကျောင်းများနှင့် ပညာရေးဒီဂရီကောလိပ်ကျောင်းများတွင် ဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားကာ ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။