(၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့် သိပ္ပံ သုတေသနညီလာခံ ဒုတိယ‌နေ့ သုတေသနစာတမ်းဖတ်ပွဲများ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ  ၂၆

 

ပညာရေးဝန်ကြီးဌာန (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံကို ပညာ‌ရေး ဝန်ကြီးဌာနက အမျိုးသားအဆင့်အဖြစ် Naypyitaw State Academy တွင် ဇန်နဝါရီ ၂၅ ရက်မှ ၂၇ ရက်အထိ ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ သက်ဆိုင်ရာဘာသာရပ်အလိုက် သတ်မှတ် ထားသည့်အခန်းများ၌ သုတေသနစာတမ်းရှင်များက ဝိဇ္ဇာနှင့် သိပ္ပံသုတေသနစာတမ်းများကို ဖတ်ကြားကြပြီး တက္ကသိုလ်က သုတေသနပိုစတာများနှင့် ပြကွက်များကို ခင်းကျင်းပြသလျက်ရှိသည်။

အဆိုပါ သုတေသနစာတမ်းဖတ်ကြားနေမှုများနှင့် တက္ကသိုလ်သုတေသနပြကွက်များ ခင်းကျင်းပြသထားမှုကို ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယ ဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ တက္ကသိုလ်ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြသည်။

ထို့ပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ထွဋ်နှင့် တာဝန်ရှိသူများသည် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံရှိ တက္ကသိုလ် သုတေသန ပြကွက်များနှင့် သုတေသနပိုစတာများကို လာရောက်လေ့လာကြည့်ရှုရာ သက်ဆိုင်ရာပြခန်း တာဝန်ရှိသူများက တက္ကသိုလ်ကဏ္ဍအလိုက် ရှင်းလင်းပြသကြသည်။

အလားတူ ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ မြန်မာနိုင်ငံ၏ ပညာရေး၊ သိပ္ပံနှင့်နည်းပညာကဏ္ဍ များတွင် ပူးပေါင်းဆောင်ရွက်မှုများမြှင့်တင်ရန် လာရောက်ကြသည့် (ရုရှား သိပ္ပံအကယ်ဒမီ အဖွဲ့အစည်း၏ Baykov Metallurgy and Materials Institute ) နှင့် Kurgan State University ၏ သိပ္ပံနှင့်နည်းပညာ အကြံပေးပုဂ္ဂိုလ် ဒုတိယပါမောက္ခချုပ် Dr. Alexander Ssergeevich Anokhin နှင့် Kurgan State University ၏ သိပ္ပံနှင့်နည်းပညာ‌ရေးရာ ဒုတိယပါ‌မောက္ခချုပ် Dr. Artyom Vladimirovich Sharov တို့ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ဝိဇ္ဇာနှင့်သိပ္ပံသုတေသန ညီလာခံကျင်းပနေမှုများနှင့် တက္ကသိုလ်အသီးသီးမှ ပြသထားသည့် သုတေသနပိုစတာ၊ သုတေသန ပြကွက်များကို စိတ်ပါဝင်စားစွာ လာရောက်လေ့လာကြည့်ရှုကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ရင်းနှီးခင်မင်စွာ ကြိုဆိုနှုတ်ဆက်ပြီး ဧည့်သည်တော်များကို တက္ကသိုလ်သုတေသန ပြခန်းတာဝန်ရှိသူများက ရင်းရင်းနှီးနှီး ရှင်းလင်းပြသကြသည်။

ယနေ့ကျင်းပလျက်ရှိသည့် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံတွင် ပညာရေးဝန်ကြီးဌာနရှိ ဝိဇ္ဇာ သိပ္ပံတက္ကသိုလ်များနှင့် အခြားဝန်ကြီးဌာန ခြောက်ခုမှ ပညာရေးဝန်ကြီးဌာနတွင် ပါရဂူကျမ်း လာရောက်ပြုစုနေသူ သုတေသီများက နံနက်ပိုင်းတွင် မြန်မာစာသုတေသနစာတမ်း ရှစ်စောင်၊ ဓာတုဗေဒသုတေသနစာတမ်း ရှစ်စောင်၊ ရူပဗေဒသုတေသနစာတမ်း ရှစ်စောင်၊ သတ္တဗေဒ သုတေသနစာတမ်း ရှစ်စောင်၊ ရုက္ခဗေဒသုတေသနစာတမ်း ရှစ်စောင်၊ ပညာရေးစိတ်ပညာ သုတေသနစာတမ်း ရှစ်စောင်၊ သင်ရိုးညွှန်းတမ်းနှင့်သင်ပြနည်း ရှစ်စောင်၊ ဥပဒေပညာသုတေသန စာတမ်း ရှစ်စောင်၊ ဝါဏိဇ္ဇဗေဒသုတေသနစာတမ်း ရှစ်စောင်၊ ပထဝီဝင်သုတေသနစာတမ်း ရှစ်စောင်တို့ကို စာတမ်းရှင်က ဖတ်ကြားကြသည်။

မွန်းလွဲပိုင်းတွင် မြန်မာစာသုတေသနစာတမ်း သုံးစောင်၊ အင်္ဂလိပ်စာသုတေသန စာတမ်း ငါးစောင်၊ ဓာတုဗေဒသုတေသန စာတမ်းကိုးစောင်၊ ရူပဗေဒသုတေသနစာတမ်း ကိုးစောင်၊ သတ္တဗေဒ သုတေသနစာတမ်း ရှစ်စောင်၊ ရုက္ခဗေဒသုတေသနစာတမ်း ရှစ်စောင်၊ ပညာရေးစိတ်ပညာ သုတေသနစာတမ်း ရှစ်စောင်၊ ပညာရေးသဘောတရားနှင့် ပညာရေးစီမံခန့်ခွဲမှု သုတေသနစာတမ်း ကိုးစောင်၊ ဥပဒေပညာသုတေသနစာတမ်း လေးစောင်၊ စိတ်ပညာသုတေသနစာတမ်း လေးစောင်၊ စီမံခန့်ခွဲမှုသုတေသနစာတမ်း ခြောက်စောင်၊ အသုံးချဘောဂသုတေသန စာတမ်းနှစ်စောင်၊ ပထဝီဝင်သုတေသနစာတမ်း နှစ်စောင်၊ သမိုင်းသုတေသနစာတမ်း ခြောက်စောင်တို့ကို စာတမ်းရှင် များက ဖတ်ကြားခဲ့ကြပြီး ဝိဇ္ဇာနှင့်သိပ္ပံသုတေသန စာတမ်းစုစုပေါင်း ၁၆၃ စောင် ဖတ်ကြား ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံဝိဇ္ဇာနှင့် သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ တက္ကသိုလ် ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများ၊ စာတမ်းရှင်များ၊ ပါမောက္ခများ၊ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်ခဲ့ ကြသည်။

ထို့ပြင် တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းစင်တာ - ၂ တွင် ကျင်းပသည့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန်ပျူတာအသင်းများ၏ (၂၅)နှစ်ပြည့် နှစ်ပတ်လည်အခမ်းအနားသို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် ပြခန်းများ၊ ဟောပြောပွဲများသို့ သွားရောက်လေ့လာခဲ့ကြကြောင်း သိရသည်။