၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ (အဋ္ဌမနေ့)

 

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၆

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲအား ဇန်နဝါရီ ၉ ရက်မှ ၁၈ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး အဋ္ဌမနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

 

အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံတွင် နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားကြရာ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။

 

ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီး ဘော်လီဘောပွဲစဉ်မှ အကောင်းဆုံး စပေးဘောဆုကို မနန်းချိုဇင်ထွေးစံ (ပုသိမ်ဇုန်အသင်း)၊ အကောင်းဆုံး ဆယ်မဆုကို မအိမ့်မြတ်ဖြိုးကျော် (ဒဂုံဇုန်အသင်း)၊ အကောင်းဆုံး ပင့်ထောင်ဆုကို မလင်းလက်လှိုင် (မြစ်ကြီးနား ဇုန်အသင်း)၊ အကောင်းဆုံး ရိုက်ခုတ်ဆုကို မထွေးပို (မော်လမြိုင်ဇုန်အသင်း)၊ အကောင်းဆုံး ပိတ်ဆို့ဆုကို မနန်းထွေးအိလှိုင် (မော်လမြိုင်ဇုန်အသင်း)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသမီးဘော်လီဘော အားကစားသမားဆုကို ကျောနံပါတ် ၅ မရှယ်လီဆာ (မြစ်ကြီးနားဇုန်အသင်း)က ရရှိကြပြီး အမျိုးသမီးအသင်းလိုက် ပြိုင်ပွဲတွင် ပုသိမ်ဇုန်အသင်းက တတိယ၊ မော်လမြိုင်ဇုန်အသင်းက ဒုတိယ၊ မြစ်ကြီးနားဇုန်အသင်းက ပထမဆုကိုလည်းကောင်း၊ အမျိုးသားဘော်လီဘောပွဲစဉ်မှ အကောင်းဆုံး စပေးဘောဆုကို မောင်မင်းသွေးခန့် (မော်လမြိုင်ဇုန်အသင်း)၊ အကောင်းဆုံး ဆယ်မဆုကို မောင်ပြည့်စုံ (မကွေးဇုန်အသင်း)၊ အကောင်းဆုံး ပင့်ထောင်ဆုကို မောင်လွင်အောင်ကို (ပုသိမ်ဇုန်အသင်း)၊ အကောင်းဆုံး ရိုက်ခုတ်ဆုကို မောင်သက်ထူးအောင် (မြစ်ကြီးနားဇုန်အသင်း)၊ အကောင်းဆုံး ပိတ်ဆို့ဆုကို မောင်တီတီလေး (မြစ်ကြီးနားဇုန်အသင်း)၊ ပွဲစဉ်တစ်လျှောက် အကောင်းဆုံး အမျိုးသားဘော်လီဘော အားကစားသမားဆုကို စောဟေပွဲစိုး (ပုသိမ်ဇုန်အသင်း)က ရရှိကြပြီး အမျိုသားအသင်းလိုက်ပြိုင်ပွဲတွင် မော်လမြိုင်ဇုန်အသင်းက တတိယ၊ မြစ်ကြီးနားဇုန် အသင်းက ဒုတိယ၊ ပုသိမ်ဇုန်အသင်းက ပထမဆုကိုလည်းကောင်း ရရှိသည်။

 

ဆုများကို အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ဆန်းဝင်း၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ လေ့လာဆန်းစစ်အကဲဖြတ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်ဆွေထွန်း၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းတို့က ပေးအပ်ချီးမြှင့်ပြီး ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အမျိုးသမီးတံခွန်စိုက် ဆုဖလားရရှိသည့် မြစ်ကြီးနားဇုန်အသင်းနှင့် အမျိုးသား တံခွန်စိုက်ဆုဖလားရရှိသည့် ပုသိမ်ဇုန်အသင်းတို့ကို တံခွန်စိုက်ဆုဖလားများ ပေးအပ်ချီးမြှင့်သည်။

 

တက္ကသိုလ်ပေါင်းစုံ  အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့ကြပြီး တက္ကသိုလ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် မော်လမြိုင်ဇုန်အသင်းနှင့် ပုသိမ်ဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မော်လမြိုင်ဇုန်အသင်းက နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ၍ ဗိုလ်လုပွဲတက်ရောက်သွားပြီး ညနေပိုင်းတွင် ဒဂုံဇုန်အသင်းနှင့် မြစ်ကြီးနားဇုန်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ မြစ်ကြီးနားဇုန်အသင်းက ဒဂုံဇုန်အသင်းကို သုံးဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိ၍ ဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။ တတိယနေရာလုပွဲကို ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)နှင့် ညနေပိုင်းတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။