၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲနှင့် ဆုပေးပွဲကျင်းပ (သတ္တမနေ့)

 

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၁၅

 

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဇန်နဝါရီ ၉ ရက်မှ ၁၈ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း အားကစားရုံတို့တွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်၍ သတ္တမနေ့ ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက် ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။

 

နံနက်ပိုင်းတွင် စားပွဲတင်တင်းနစ် ဗိုလ်လုပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ (B) ရုံတွင်ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများ ကြည့်ရှုအားပေးကြသည်။

 

ပြိုင်ပွဲအပြီး ဆုချီးမြှင့်ပွဲကို ဆက်လက်ကျင်းပရာ အမျိုးသမီးအသင်းလိုက်ပြိုင်ပွဲတွင် ပထမဆုကို ဒဂုံတက္ကသိုလ်၊ ဒုတိယဆုကို မန္တလေးတက္ကသိုလ်၊ တတိယဆုကို တောင်ငူတက္ကသိုလ်က လည်းကောင်း၊ အမျိုးသားအသင်းလိုက်ပြိုင်ပွဲ ပထမဆုကို ရတနာပုံတက္ကသိုလ်၊ ဒုတိယဆုကို တောင်ကြီးတက္ကသိုလ်၊ ပူးတွဲတတိယဆုကို မန္တလေးတက္ကသိုလ်နှင့် မန္တလာတက္ကသိုလ်တို့က လည်းကောင်း၊ အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲတွင် မသဲနန္ဒာစု (ရန်ကုန်တက္ကသိုလ်)က ပထမ၊ မမေသူ (မန္တလေးတက္ကသိုလ်)က ဒုတိယနှင့် မအိရတနာဖြိုး (ဒဂုံတက္ကသိုလ်)နှင့် မသက်ထက်စံ (တောင်ငူ တက္ကသိုလ်)တို့က ပူးတွဲတတိယကိုလည်းကောင်း၊ အမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် မောင်ထက်မြတ်ဟန်ရှိန် (ရတနာပုံတက္ကသိုလ်)က ပထမ၊ မောင်နိုင်ဝေယံထက် (မော်လမြိုင်တက္ကသိုလ်)က ဒုတိယ၊ မောင်ဉာဏ်လင်းထိန် (တောင်ငူတက္ကသိုလ်)နှင့် မောင်လင်းအောင် (ရန်ကုန်ပညာရေးတက္ကသိုလ်)တို့ က ပူးတွဲတတိယကိုလည်းကောင်း ရရှိကြရာ ဆုများကို ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကိုလေးဝင်း၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာနေဝင်းဦးနှင့် မန္တလေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာတင်ထွန်းတို့က ပေးအပ်ချီးမြှင့်ကြသည်။

 

ယင်းနောက် ပွဲစဉ်တစ်လျှောက်အကောင်းဆုံး အမျိုးသမီးစားပွဲတင်တင်းနစ် အားကစားသမားဆု မသဲနန္ဒာစု (ရန်ကုန်တက္ကသိုလ်)နှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးအမျိုးသား စားပွဲတင်တင်းနစ် အားကစားသမားဆု မောင်ထက်မြတ်ဟန်ရှိန် (ရတနာပုံတက္ကသိုလ်)တို့ကို ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က ဆုများပေးအပ်ချီးမြှင့်သည်။

 

ထို့နောက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ပေါင်းစုံ စားပွဲတင်တင်းနစ်ပြိုင်ပွဲ တံခွန်စိုက် ဒိုင်းဆုကြီးရရှိသည့် ရတနာပုံတက္ကသိုလ် တင်းနစ်အားကစားအဖွဲ့ကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက တံခွန်စိုက်ဒိုင်းပေးအပ်ချီးမြှင့်သည်။

 

ထို့ပြင် တက္ကသိုလ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်း သုံးယောက်တွဲပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လက်ဝှေ့ရုံတွင်လည်းကောင်း၊ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C) ရုံတွင်လည်းကောင်း ယှဉ်ပြိုင်ကစားခဲ့ကြသည်။

 

အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဇန်နဝါရီ ၁၆ နံနက်ပိုင်းမှစတင်၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပြီး အမျိုးသားဘောလုံးပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်များကိုလည်း ယင်းနေ့နံနက်ပိုင်းမှစ၍ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အားကစားဝါသနာရှင်များအနေဖြင့် မည်သူမဆို အခမဲ့လာရောက်ကြည့်ရှု အားပေးနိုင်ကြောင်း သိရသည်။