ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် ပဲခူးတက္ကသိုလ်နှင့် လှည်းကူးပညာရေးဒီဂရီကောလိပ် ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ၂၀၂၄ ဇန်နဝါရီ ၁၂

 

ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပဲခူးတက္ကသိုလ်သို့ရောက်ရှိကာ တက္ကသိုလ်သန့်ရှင်းသာယာရေးဆောင်ရွက်မှုနှင့် စာသင်ခန်းများတွင် ကျောင်းသား ကျောင်းသူများ ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။

 

ထို့နောက် သင်ကြားရေးဌာနများ၏ လက်တွေ့ခန်း၊ ဓာတ်ခွဲခန်းများသို့ရောက်ရှိကာ ဓာတ်ခွဲခန်းများ သန့်ရှင်းသပ်ရပ်စွာ ထိန်းသိမ်းထားရှိရန်နှင့် နိုင်ငံတော်က ဖြည့်ဆည်းပေးထားသော ဓာတ်ခွဲခန်းသုံးပစ္စည်းများကို သင်ကြားရေးနှင့်သုတေသနလုပ်ငန်းများတွင် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ အမှန်တကယ်အကျိုးရှိထိရောက်စွာ အသုံးပြုရန်မှာကြားသည်။

 

ယင်းနောက် စာကြည့်တိုက်နှင့် ကွန်ပျူတာဌာနသို့ရောက်ရှိကာ ဝန်ထမ်းဆိုင်ရာအချက်အလက်များ လစဉ်မှတ်တမ်း ပြုစုထိန်းသိမ်းထားရှိမှုများနှင့် အွန်လိုင်းစာကြည့်တိုက်တို့ကို ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် လှည်းကူးပညာရေးဒီဂရီကောလိပ်သို့ ရောက်ရှိကာ ပညာ့အားမာန်ခန်းမ၌ ကျောင်းအုပ်ကြီး၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံ၍ ပညာရေးဒီဂရီကောလိပ်မှ ဘွဲ့ရရှိပြီးနောက် အခြေခံပညာကျောင်းများတွင် တပည့်ကျောင်းသား ကျောင်းသူများကို ပြန်လည်သင်ကြားပို့ချပေးရမည့် ဆရာ ဆရာမလောင်းများဖြစ်သဖြင့် ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြနည်းတတ်ကျွမ်းမှု၊ အားကစားနှင့် ကာယပညာ ထူးချွန်မှုတို့ကို အလေးထားသင်ကြားလေ့ကျင့်ကာ စည်းကမ်းလိုက်နာမှုနှင့် ပြုမူနေထိုင်မှုတွင် စံနမူနာဖြစ်စေရေး လမ်းညွှန်ပြသပေးရန်မှာကြားပြီး နိုင်ငံတော်က ပံ့ပိုးစောင့်ရှောက်ပေးနေမှုများနှင့် ဆရာ ဆရာမ၊ သင်တန်းသား သင်တန်းသူများက ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများကို ရှင်းလင်းပြောကြားကာ ဆရာ ဆရာမ၊ သင်တန်းသား သင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။