နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၅
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ်၊ လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး နှင့် ရှမ်းပြည်နယ်ပညာရေးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့ မွန်းလွဲပိုင်းတွင် တောင်ကြီး တက္ကသိုလ်သို့ သွားရောက်၍ စာသင်ခန်းများတွင် အေးချမ်းစွာ ပညာသင်ကြား၊ သင်ယူနေကြသည့် လွိုင်ကော်တက္ကသိုလ်၊ တောင်ကြီးတက္ကသိုလ်တို့မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ အားပေးစကား ပြောကြားသည်။
တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အခက်အခဲဖြင့် ရင်ဆိုင်တွေ့ကြုံရသည့်တိုင် စိတ်ဓာတ်မကျဘဲ ပညာအရည်အသွေး တိုးတက်မြင့်မားရေးအတွက် ဆက်လက်ကြိုးစားနေရန်လိုကြောင်း၊ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများ ကြုံတွေ့ရသည့် အခက်အခဲများနှင့် လိုအပ်ချက်များကို ပညာရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်းပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၁၃)အခြေခံပညာ အလယ်တန်းကျောင်း၊ အမှတ်(၁)အခြေခံပညာ မူလတန်းကျောင်းနှင့် အမှတ်(၆)အခြေခံပညာ မူလတန်းကျောင်းများသို့ သွားရာက်၍ ကျောင်းအတွင်း တည်ဆောက်နေသည့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးကာ စာသင်ခန်းအတွင်း အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားပြောကြားသည်။
ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ တာဝန်ရှိသူများနှင့်အတူ တောင်ကြီးမြို့နယ် အေးသာယာမြို့ရှိ အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းသို့ သွားရောက်၍ ကျောင်းအတွင်း စိုက်ပျိုးထားသည့်စိုက်ခင်းများ၊ တည်ဆောက်နေဆဲ စာသင်ဆောင် အဆောက်အအုံများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါကျောင်း စာသင်ခန်းများသို့ သွားရောက်၍ အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးပညာရပ်များ အေးချမ်းစွာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများကို လှည့်လည်ကြည့်ရှုအားပေးပြီး ကျောင်းသား ကျောင်းသူများအနေဖြင့် သက်ဆိုင်ရာအခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဘာသာရပ်များကို အာရုံစူးစိုက်သင်ယူ၍ ထူးချွန်သည့် နိုင်ငံသားကောင်းများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း၊ မိမိတို့သင်ယူနေသည့် ဘာသာရပ်များသည် နိုင်ငံတော်အတွက် အမှန်တကယ်လိုအပ်ပြီး ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသဖြင့် ကြိုးကြိုးစားစား လေ့လာသင်ယူ ကြစေလိုပါကြောင်းဖြင့် ပြောကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။
