ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်(တောင်ပိုင်း) စဉ်ဆက်ပညာရေးလုပ်ငန်း၏ စာသင်ဝိုင်းများ လှည့်လည်ကြည့်ရှုအားပေး

 

နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၆

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ဇော်အေး၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအေးလှိုင်၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ လွိုင်ကော်ပညာရေးဒီဂရီ ကောလိပ်ကျောင်းအုပ်ကြီး၊ တောင်ကြီးပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးနှင့် ရှမ်းပြည်နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် တောင်ကြီးမြို့နယ် ကျောက်တစ်လုံးကြီးမြို့နယ်ခွဲ အခြေခံပညာ အထက်တန်းကျောင်း၌ ဖွင့်လှစ်ထားသည့် စဉ်ဆက်ပညာရေးလုပ်ငန်း၏ စာသင်ဝိုင်းများကို သွား‌ရောက်ကြည့်ရှု အားပေးသည်။

 

ကြည့်ရှုအားပေးစဉ် ပြည်ထောင်စုဝန်ကြီးက စဉ်ဆက်ပညာရေး၏ စာသင်ဝိုင်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီး၊ ကလောနှင့် ဟိုပုံးမြို့နယ်များတွင် ဖွင့်လှစ်သင်ကြား နေပါကြောင်း၊ စာသင်သားများအနေဖြင့် အမှန်တကယ် စာတတ်မြောက်‌အောင် ဆက်လက်ကြိုးစား သင်ယူကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့သည် စာသင်သား ပြည်သူများ၏ စာတတ်မြောက်မှုစွမ်းရည်ကို အားပေးကြည့်ရှု၍ စားသောက်ဖွယ်ရာများနှင့် သင်ထောက်ကူပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာစာသင်ဝိုင်း ကိုယ်စားလှယ်များက လက်ခံရယူကြသည်။

 

စဉ်ဆက်ပညာ‌ရေးလုပ်ငန်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးအစီအစဉ်၊ ဝင်ငွေတိုးပွားရေး အစီအစဉ်နှင့် ဘဝသာယာရေး ပညာပေးအစီအစဉ်များပါရှိပြီး ဦးတည်အုပ်စုအနေဖြင့် အသက် (၁၅)နှစ်နှင့်အထက် အရွယ်များကို သတ်မှတ်သင်ကြားခြင်းဖြစ်သည်။ အခြေခံစာ တတ်မြောက်ရေးလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့သည့် ရှမ်းပြည်နယ်(တောင်ပိုင်း) မြို့နယ်သုံးခုတွင် စာသင်သားပေါင်း ၄၁၆ ဦးကို နည်းပြ၊ ကြီးကြပ်ပေါင်း ၉၈ ဦးတို့က တစ်ရက်လျှင် ပျမ်းမျှ သုံးနာရီနှုန်းဖြင့် နာရီပေါင်း ၂၇၀ ၊ ရက်အားဖြင့် ၉၀ ရက်ကြာ သင်ကြားပေးလျက်ရှိသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးမြို့နယ် ဂနိုင်ထော့ အခြေခံပညာ အလယ်တန်းကျောင်း၊ လုံကားအခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ကြည့်ရှု စစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ကြီးပညာရေး ဒီဂရီကောလိပ်သို့ သွားရောက်၍ အဆိုပါဒီဂရီကောလိပ်ရှိ ကမ္ဘောဇခန်းမ၌ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၊ တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့မှ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမနှင့်ကျောင်းသား ကျောင်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကား ပြောကြားသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့သို့ အာဟာရစားသောက်ကုန်နှင့် ကျောင်းသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ရာ သက်ဆိုင်ရာ ကျောင်းသား ကျောင်းသူ၊ ဆရာ ဆရာမများက လက်ခံရယူကြသည်။

 

ယင်းနောက် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ ထောက်ပံ့ငွေနှင့် အဝတ်အထည်များကို ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ရှမ်းပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပြည်နယ်မှူးတို့က ပေးအပ်ရာ သက်ဆိုင်ရာ‌ ကျောင်းသား ကျောင်းသူများက လက်ခံရယူကြသည်။

 

တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်နှင့် တောင်ကြီးပညာရေး ဒီဂရီကောလိပ်တို့မှ ဆရာ ဆရာမ၊ ကျောင်းသား ကျောင်းသူများကို ရင်းရင်းနှီးနှီး နှုတ်ဆက်၍ အားပေးစကား ပြောကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် တောင်ကြီးမြို့ အမှတ်(၁၀)အခြေခံပညာ မူလတန်းကျောင်း၊ အမှတ်(၁၂)အခြေခံပညာ အလယ်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အလယ်တန်းကျောင်းတို့သို့ သွားရောက်၍ ကျောင်းအတွင်း တည်ဆောက်နေသည့် စာသင်ဆောင်များကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်းသိရသည်။