နေပြည်တော် ၂၀၂၄ ဇန်နဝါရီ ၉
ပညာရေးဝန်ကြီးဌာန၏ (၂၃) ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်၉နာရီတွင် Naypyitaw State Academyရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများဖြစ်သော ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံ သုတေသနညီလာခံ အောင်မြင်စွာကျင်းပနိုင်ရေး တက္ကသိုလ်ပါမောက္ခချုပ်များနှင့် ဆရာ ဆရာမများအားလုံး ညီညီညွတ်ညွတ် ဝိုင်းဝန်းပါဝင်ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ညီလာခံတွင် သုတေသနစာတမ်းဖတ်ပွဲများ၊ တက္ကသိုလ်အလိုက်ပြသမည့် သုတေသနပိုစတာများ၊ သုတေသနပြခန်း၊ ပြကွက်များ ပြသဆောင်ရွက်မည်ဖြစ်ရာ မိမိတို့တက္ကသိုလ်အလိုက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်ကြစေလိုပါကြောင်း၊ အဆင့်မြင့်ပညာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ညီလာခံသို့ ရောက်ရှိလာကြမည့်သူများ နေထိုင်စားသောက်ရေး၊ သွားလာရေး စသည့်ကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေးအတွက် လိုအပ်သည်များကို ပံ့ပိုးဖြည့်ဆည်း ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ သုတေသနလုပ်ငန်းသည် တက္ကသိုလ်၏အသက်သွေးကြော ဖြစ်သည်နှင့်အညီ ပညာရေးဝန်ကြီးဌာန၏ (၂၃)ကြိမ်မြောက် ဝိဇ္ဇာနှင့်သိပ္ပံသုတေသနညီလာခံ ဖွင့်ပွဲမှစ၍ လုပ်ငန်းစဉ်အဆင့်ဆင့် အောင်မြင်ရေးအတွက် အသေးစိတ်ပြင်ဆင် ဆောင်ရွက်ကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က သုတေသနညီလာခံတွင် ပြသမည့် သုတေသနပိုစတာများ ရွေးချယ်ထားမှုနှင့် စာတမ်းဖတ်ကြားရန် ပြင်ဆင်ထားမှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။
ယင်းနောက် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝင်းထွန်းက ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို တင်ပြသည်။
ဆက်လက်၍ တက်ရောက်လာသည့် တက္ကသိုလ်ပါမောက္ခချုပ်များက သက်ဆိုင်ရာတက္ကသိုလ်အလိုက် ပြခန်းများ၌ပြသမည့် အကြောင်းအရာများ၊ သုတေသနစာတမ်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားသည်။
အစည်းအဝေးအပြီးတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တက္ကသိုလ် ပါမောက္ခချုပ်များသည် တက္ကသိုလ်များအလိုက်ပြသမည့် သုတေသနပိုစတာများ၊ သုတေသနပြကွက်များ၊ သုတေသနပြခန်းများအတွက် လျာထားသည့်နေရာများနှင့် သုတေသန စာတမ်းဖတ်ပွဲများ ကျင်းပမည့်အခန်းများကို လှည့်လည်ကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
