၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲများစတင်ကျင်းပ

 

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၃

 

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အားကစားနည်းများအလိုက်ယှဉ်ပြိုင် ကစားကြသည်။

 

ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ ပထမနေ့ပွဲစဉ် အဖြစ် အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၄၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အလျားခုန်ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲ၊ အမျိုးသား သံလုံးပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများကိုကျင်းပကြရာ အမျိုးသား မီတာ ၄၀၀ အပြေးပြိုင်ပွဲတွင် မောင်မြမိုးအောင် (မြစ်ကြီးနား)က ပထမ၊ မောင်အောင်ပိုင်စိုး(ရန်ကင်း)က ဒုတိယ၊ မောင်ဝေဖြိုးအောင် (တောင်ကြီး)က တတိယ ရရှိကြသည်။

 

အမျိုးသမီး မီတာ ၄၀၀အပြေးပြိုင်ပွဲတွင် မဆန်ဒေါင်းဇိတာရီ(မြစ်ကြီးနား)က ပထမ၊ မဝင်းနေခြည်(ဘားအံ)က ဒုတိယ၊ မမိုးဝသန်ထက်(ရန်ကင်း)က တတိယရရှိပြီး အမျိုးသား အလျားခုန်ပြိုင်ပွဲတွင် မောင်ဟိန်းထက်(ပခုက္ကူ)က ပထမ၊ မောင်နိုင်ထက်ဦး(ထားဝယ်)က ဒုတိယ၊ မောင်မင်းစောချစ်(မြစ်ကြီးနား)က တတိယရရှိကြသည်။ အမျိုးသမီး အလျားခုန်ပြိုင်ပွဲတွင် မဖူးငုံ(ရန်ကင်း)က ပထမ၊ မဆုပြည့်ပြည့်ဦး(ထားဝယ်)က ဒုတိယ၊ မနန်းအေးအေးမိုး (ဘားအံ)က တတိယ ရရှိကြသည်။

 

အမျိုးသားသံလုံးပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး(ဘားအံ)က ပထမ၊ မောင်မင်းဇင်ဟိန်း(ပုသိမ်)က ဒုတိယ၊ မောင်ပြည့်စုံ‌အောင်(၁)(ဘိုကလေး)က တတိယ ရရှိကြပြီး အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် မသီသီဟန်(မကွေး)က ပထမ၊ မဇူးဇူး‌အောင်(ဘိုကလေး)က ဒုတိယ၊ မပန်ဆုဝေ(တောင်ကြီး)က တတိယဆုများကို ရရှိကြရာ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ကြသည်။

 

ထို့အတူ ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ဘောလုံးပြိုင်ပွဲ၏ အုပ်စုပွဲစဉ်များကို နိုဝင်ဘာလ ၆ ရက်မှစတင်၍ မန္တလေးဇုန်(အထက်မြန်မာပြည်)၊ ရန်ကုန်ဇုန်(အောက်မြန်မာပြည်)တို့၌ ဇုန်အလိုက်ကစားခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း သတ်မှတ်နေရာများ၌ ဆီမီးဖိုင်နယ်ပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင် ကစားကြသည်။

 

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ ဆရာအတတ် ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်းသူများလာရောက်ကြည့်ရှုအားပေးကြသည်။

 

အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေး(က)အသင်းက ရန်ကုန်(ခ) အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ရန်ကုန်(က)အသင်းက မန္တ‌လေး(ခ)အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြပြီး အမျိုးသား ဘော်လီဘောပြိုင်ပွဲတွင် ရန်ကုန်(က)အသင်းက မန္တလေး (ခ)အသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ရရှိကြသည်။

 

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲကို ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်(ခ)အသင်းက မန္တလေး(က)အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း၊ မန္တလေး(ခ)အသင်းက ရန်ကုန်(က)အသင်းကို နှစ်ပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။

 

ဝဏ္ဏသိဒ္ဓိ အားကစားကွင်း လေ့ကျင့်ရေးကွင်းအမှတ်(၃)တွင် အမျိုးသားဘောလုံးပြိုင်ပွဲများကို ယှဉ်ပြိုင်ကစားကြရာ မန္တလေး(က)အသင်းက ရန်ကုန်(ခ)အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့် လည်းကောင်း၊ မန္တလေး(ခ)အသင်းက ရန်ကုန်(က)အသင်းကို တစ်ဂိုး-ဂိုးမရှိဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။