ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ စတုတ္ထနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၅

 

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံအားကစားပြိုင်ပွဲအား နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့တွင် ဆက်လက်ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်ပြီး စတုတ္ထနေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာအားကစားနည်းများအလိုက် သတ်မှတ်ထားသောနေရာများတွင် ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

 

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲ၏ တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (C)ရုံ၌ ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ‌‌ဒေါက်တာမိုးဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်စွာသွင်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင် ပညာရေးဒီဂရီကောလိပ်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသား ကျောင်းသူများ လာရောက်ကြည့်ရှု အားပေးကြသည်။ ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် မန္တလေးဇုန်(ခ)အသင်းက ပထမ၊ ရန်ကုန်ဇုန်(ခ)က ဒုတိယ၊ မန္တလေးဇုန်(က) အသင်းက တတိယ၊ ရန်ကုန်ဇုန်(က) အသင်းက နှစ်သိမ့်ဆုများ ရရှိကြသည်။

 

ပြိုင်ပွဲများအပြီးတွင် ဆုရရှိကြသူများအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုး‌ဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာနညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဆုများနှင့် ပိုက်ကျော်ခြင်းတံခွန်စိုက်ဒိုင်းဆုကို ချီးမြှင့်ပေးကြသည်။

 

ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်းတွင်ကျင်းပသည့် ပြေးခုန်ပစ်ပြိုင်ပွဲ၌ အမျိုးသား မီတာ ၁၀၀အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၀၀အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၁၅၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၁၅၀၀အပြေးပြိုင်ပွဲ၊ အမျိုးသား သံပြားပစ်ပြိုင်ပွဲ၊ အမျိုးသမီး သံပြားပစ်ပြိုင်ပွဲ ပွဲစဉ်များကိုကျင်းပကြရာ အမျိုးသား မီတာ ၁၀၀အပြေးပြိုင်ပွဲတွင် မောင်ချစ်မိုးဟိန်း (ဘားအံ)က ပထမ၊ မောင်ပြည့်စုံအောင်(ဘိုကလေး)က ဒုတိယ၊ မောင်မင်းထက်အောင်(စစ်ကိုင်း)က တတိယ ရရှိကြသည်။ အမျိုးသမီး မီတာ ၁၀၀ အပြေးပြိုင်ပွဲတွင် မစုပြည့်ပြည့်ဦး (ထားဝယ်)က ပထမ၊ မဆုနံ့သာအောင်(ဘားအံ)က ဒုတိယ၊ မအိရွှေစင်ထက် (စစ်ကိုင်း)က တတိယ ရရှိကြပြီး အမျိုးသားမီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မောင်ရင်ကိုဦး (သင်္ကန်းကျွန်း)က ပထမ၊ စိုင်းသီဟစိုး (ဘားအံ)က ဒုတိယ၊ မောင်ဝိုင်းထက်ကျော်နိုင်(လှည်းကူး)က တတိယရရှိကြပြီး အမျိုးသမီး မီတာ ၁၅၀၀ အပြေးပြိုင်ပွဲတွင် မသဇင်စိုးစံ(ထားဝယ်)က ပထမ၊ မနန်းစုထွေး(စစ်ကိုင်း)က ဒုတိယ၊ မထက်ထက်ဝင်း(ဘားအံ)က တတိယ ရရှိကြသည်။

 

အမျိုးသား သံပြားပစ်ပြိုင်ပွဲတွင် မောင်ကျော်စွာဦး(ဘားအံ)က ပထမ၊ မောင်မျိုးမြတ်သူ (ဘိုကလေး)က ဒုတိယ၊ မောင်ဇင်သူအောင် (မကွေး) က တတိယ ရရှိကြပြီး အမျိုးသမီး သံပြားပစ် ပြိုင်ပွဲတွင် မသီသီဟန်(မကွေး)က ပထမ၊ မဇူးဇူးအောင်(ဘိုကလေး) က ဒုတိယ၊ မဝသုန်ဦး(ဘားအံ) က တတိယဆုများကို ရရှိကြပြီး ဆုရရှိကြသူများအား ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးများ ဖြစ်ကြသော ဒေါက်တာဇော်မြင့်၊ ဒေါက်တာမိုး‌ဇော်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်‌ ဒေါက်တာဝင်းထွန်း၊ အခြေခံပညာဦးစီးဌာန ညွှန်ကြား‌ရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဆုများကို ချီးမြှင့်ပေးကြသည်။

 

မွန်းလွဲ ၃နာရီတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ လေ့ကျင့်ရေးကွင်းအမှတ်(၃)၌ ပညာရေး ဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲစဉ်ကို ရန်ကုန်ဇုန်(က) အသင်းနှင့် ရန်ကုန်ဇုန်(ခ)အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်ဇုန်(က)အသင်းက ရန်ကုန်ဇုန် (ခ)အသင်းကို ငါးဂိုး-နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ကြောင်း သတင်းရရှိသည်။