ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲ တတိယနေ့ပွဲစဉ်များ ဆက်လက်ကျင်းပ

 

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၄

ပညာရေးဝန်ကြီးဌာန ဆရာအတတ်ပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲကို ဒီဇင်ဘာ ၂၂ ရက်မှ ၂၆ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံတို့၌ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှစတင်ပြီး တတိယ နေ့ပွဲစဉ်များအဖြစ် သက်ဆိုင်ရာ အားကစားနည်းများအလိုက်ယှဉ်ပြိုင် ကစားကြသည်။

 

အဆိုပါ အားကစားနည်းအလိုက် ယှဉ်ပြိုင်ကစားနေမှုများကို ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ပညာရေးသုတေသန စီမံကိန်းနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်၊ ဆရာအတတ်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါ်နှင်းကြည်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ် ကြီးများနှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်ပညာရေးဒီဂရီ ကောလိပ်အသင်းများ၊ အုပ်ချုပ်သူ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူများ လာရောက်ကြည့်ရှု အားပေးကြသည်။

 

ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ဒုတိယနေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၈၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲ၊ အမျိုးသား လှံတံပစ်ပြိုင်ပွဲ၊ အမျိုးသမီး လှံတံပစ်ပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်စိုင်းခန့်သူ(မန္တလေး)က ပထမ၊ မောင်စောတူးတူးဘီ(ဘားအံ)က ဒုတိယ၊ မောင်ပြည့်စုံအောင်(ဘိုကလေး)က တတိယရရှိကြသည်။ အမျိုးသမီး မီတာ ၂၀၀ အပြေး ပြိုင်ပွဲတွင် မဆုနံ့သာအောင်(ဘားအံ)က ပထမ၊ မရွှေအိမ်ဆူး(ထားဝယ်)က ဒုတိယ၊ မခိုင်ရွှေဝင်း (မြစ်ကြီးနား)က တတိယရရှိကြပြီး အမျိုးသား မီတာ ၈၀၀ အပြေးပြိုင်ပွဲတွင် စောအောင်အောင်ချင်း (ဘားအံ)က ပထမ၊ မောင်ချစ်မင်းဦး(မကွေး)က ဒုတိယ၊ မောင်သူရအောင်(ထားဝယ်)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ ၈၀၀ အပြေး ပြိုင်ပွဲတွင် မဝိုင်းချစ်(စစ်ကိုင်း)က ပထမ၊ မဝင်းနေခြည် (ဘားအံ)က ဒုတိယ၊ မသန္တာလင်း(ထားဝယ်)က တတိယ ရရှိကြသည်။ အမျိုးသား အမြင့်ခုန်ပြိုင်ပွဲတွင် မောင်မင်းထက်အောင်(စစ်ကိုင်း)က ပထမ၊ မောင်အောင်ကီး(တောင်ကြီး)က ဒုတိယ၊ မောင်ဂျွန်စော(မိတ္ထီလာ)က တတိယရရှိကြပြီး အမျိုးသမီး အမြင့်ခုန်ပြိုင်ပွဲတွင် မသန္တာလင်း(ထားဝယ်)က ပထမ၊ နန်းအေးအေးမိုး(ဘားအံ)က ဒုတိယ၊ မဆုပိုပိုအောင် (တောင်ကြီး)က တတိယရရှိကြသည်။

 

အမျိုးသား လှံတံပစ်ပြိုင်ပွဲတွင် မောင်ငြိမ်းချမ်းမိုး(ပြည်)က ပထမ၊ မောင်ရှိုင်းဇော်(မိတ္ထီလာ)က ဒုတိယ၊ မောင်စိုးမိုးအောင်(သင်္ဃန်းကျွန်း)က တတိယရရှိကြပြီး အမျိုးသမီး လှံတံပစ်ပြိုင်ပွဲတွင် နန်းတိုးခါးလှိုင်(စစ်ကိုင်း)က ပထမ၊ နန်းစိမ်းမြသွေး(တောင်ကြီး)က ဒုတိယ၊ နန်းတိုးဝေလွင် (ရန်ကင်း)က တတိယဆုများကို ရရှိကြရာ ပြိုင်ပွဲများအပြီးတွင် ဆုရရှိသူများကို ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးကြသည်။

 

ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲ၏ တတိယနေရာလုပွဲစဉ်များကို ယနေ့နံနက်ပိုင်းတွင် ဝဏ္ဏသိဒ္ဓိ အားကစားကွင်း(A)ရုံ၌ ယှဉ်ပြိုင်ကစားကြရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန်(ခ)အသင်းက ရန်ကုန်ဇုန်(ခ)အသင်းကို သုံးပွဲ-တစ်ပွဲဖြင့် လည်းကောင်း၊ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် မန္တလေးဇုန်(ခ)အသင်းက ရန်ကုန်ဇုန်(ခ)အသင်းကို သုံးပွဲ-တစ်ပွဲ ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြောင်း သိရသည်။