နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၂၁
ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက် ၉နာရီတွင် Naypyitaw State Academy သို့သွားရောက် ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် ပြည်ထောင်စုဝန်ကြီးက တည်ဆောက်ဆဲ စာသင်ဆောင်များ အရည်အသွေးပြည့်မီရေးနှင့် အချိန်မီပြီးမြောက်ရေး ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ကျောင်းသား ကျောင်းသူများ နေထိုင်စားသောက်ရေး၊ သွားလာရေး၊ ပညာသင်ယူရေးကိစ္စရပ်များ အဆင်ပြေချောမွေ့ စေရေးအတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာသင်ခန်းများ၊ လက်တွေ့ခန်းများတွင် တက္ကသိုလ် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ဘာသာရပ်အလိုက် ပညာသင်ယူနေမှုများကို လှည့်လည်ကြည့်ရှု အားပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ်ခန်းမတွင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် သင်ကြားစီမံဝန်ထမ်းများကို တွေ့ဆုံ၍ Naypyitaw State Academy ကို နိုင်ငံတော်၏ ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်အောင် ဦးတည်ချက် ထားဆောင်ရွက်နေပါကြောင်း၊ Naypyitaw State Academy မှ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများအနေဖြင့် အစဉ်လေ့လာသင်ယူ၍ အမြဲမပြတ်ကြိုးစားနေရန် လိုအပ်ပါကြောင်း၊ အားလုံးက ညီညီညွတ်ညွတ်ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများအား ရင်းရင်းနှီးနှီးနှုတ်ဆက်၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
တွေ့ဆုံပွဲအပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် Naypyitaw State Academy အတွင်းရှိ စားသောက်ဆိုင်တန်းများကို သွားရောက်စစ်ဆေးကြည့်ရှု၍ လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရေးလုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်သည်။
အစည်းအဝေးသို့ ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တက္ကသိုလ်ပါမောက္ခချုပ်များက ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက ယခုလာမည့် ဇန်နဝါရီလတွင် ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ သုတေသနစာတမ်းဖတ်ပွဲကို နေပြည်တော်တွင် နိုင်ငံတော် အဆင့်ခမ်းခမ်းနားနား ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့မှ ဆရာကြီး၊ ဆရာမကြီးများ၊ တက္ကသိုလ်များမှ ပါမောက္ခချုပ်များအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက် အရည်အသွေးရှိသော စာတမ်းများဖတ်ကြားနိုင်ရေး၊ တက္ကသိုလ်အလိုက် ပြခန်းများပြသနိုင်ရေးအတွက် လိုအပ်သည်များကို ယခုအစည်းအဝေးတွင် ဝိုင်းဝန်းအကြံပြု ဆွေးနွေးကြစေလိုပါ ကြောင်းပြောကြားသည်။
ထို့နောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က သုတေသန စာတမ်းဖတ်ပွဲဖတ်ကြားမည့် အစီအစဉ်များ၊ တက္ကသိုလ်အလိုက် ပြခန်းများပြသမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့် သတ်မှတ်ချက်များကို ပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့ ဆရာကြီး ဆရာမကြီးများနှင့် ပါမောက္ခချုပ်များက သုတေသနစာတမ်းဖတ်ပွဲဖြစ်မြောက်ရေးအတွက် လိုအပ်သည်များကို အကြံပြုဆွေးနွေး ပြောကြားကြသည်။ ဆက်လက်၍ အမြဲတမ်းအတွင်းဝန်ဒေါက်တာစိုးဝင်းနှင့် အဆင့်မြင့်ပညာဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်ဒေါက်တာဝင်းထွန်းတို့က ဖြည့်စွက်ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ ၂၂ ရက်နေ့တွင်ကျင်းပမည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးဒီဂရီကောလိပ်ပေါင်းစုံ အားကစားပြိုင်ပွဲဖွင့်ပွဲအခမ်းအနား အစမ်းလေ့ကျင့်နေမှုများကို ကြည့်ရှုလေ့လာ၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
