နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်ကို နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ယနေ့ မွန်းလွဲ ၃ နာရီတွင် ယှဉ်ပြိုင်ကစားကြရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်း၊ ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အုပ်ချုပ်သူများ၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူ အားကစားမောင်မယ်များ တက်ရောက်၍ ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ၂၀၂၃- ၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသမီးဘောလုံးပြိုင်ပွဲဗိုလ်လုပွဲတွင် ကရင်ပြည်နယ်အသင်းက ရှမ်းပြည်နယ်အသင်းကို ခုနစ်ဂိုး- တစ်ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားသည်။
အလားတူ တတိယနေရာလုပွဲကို ယနေ့နံနက်ပိုင်းတွင် လယ်ဝေးအားကစား လေ့ကျင့်ရေးစခန်း၌ ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီးက မကွေးတိုင်းဒေသကြီးအသင်းကို သုံးဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိသည်။
ပြိုင်ပွဲအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ နေရာအလိုက် တစ်ဦးချင်း အကောင်းဆုံးဆုရရှိသူများအား ကျောင်းသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်ကလည်းကောင်း၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်နှင့် ငွေသားဆုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းကလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိသည့် ရှမ်းပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်နှင့်ငွေသားဆုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်ကလည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆုရရှိသည့် ကရင်ပြည်နယ်အသင်းအား တစ်ဦးချင်းဆုတံဆိပ်၊ အထိမ်းအမှတ်တံဆိပ်၊ ငွေသားဆုများနှင့် တံခွန်စိုက်ဒိုင်း ဆုဖလားကို ကျောင်းသား အားကစား ပွဲတော်ကျင်းပရေး ဦးစီးကော်မတီနာယက ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြသည်။
အလားတူ ၂၀၂၃-၂၀၂၄ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘော်လီဘော(အမျိုးသား၊ အမျိုးသမီး) တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ယနေ့နံနက်ပိုင်းမှ စတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(A)ရုံ၌လည်းကောင်း၊ ဘတ်စကက်ဘောပြိုင်ပွဲ (အမျိုးသား၊ အမျိုးသမီး) ဆီမီးဖိုင်နယ်နှင့် တတိယနေရာလုပွဲ၊ ဗိုလ်လုပွဲစဉ်များကို (c)ရုံ၌လည်းကောင်း ဆက်လက်ယှဉ်ပြိုင်ကစားကြသည်။
အမျိုးသမီးဘတ်စကက်ဘောပြိုင်ပွဲတွင် မကွေးတိုင်းဒေသကြီး အသင်းက ပထမ၊ ပဲခူးတိုင်း ဒေသကြီးအသင်းက ဒုတိယ၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက တတိယရရှိကြပြီး အမျိုးသား ဘတ်စကက်ဘောပြိုင်ပွဲတွင် မန္တလေးတိုင်းဒေသကြီးက ပထမ၊ ရှမ်းပြည်နယ်က ဒုတိယ၊ ပဲခူးတိုင်း ဒေသကြီးက တတိယရရှိကြသည်။ အမျိုးသမီးဘော်လီဘော တတိယနေရာလုပွဲတွင် မကွေးတိုင်းဒေသကြီးအသင်းက ကရင် ပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် တနင်္သာရီတိုင်းဒေသကြီး အသင်းက မန္တလေးတိုင်းဒေသကြီးအသင်းကို သုံးပွဲ - တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ပြီး အမျိုးသားဘော်လီဘော တတိယနေရာလုပွဲတွင် ရှမ်းပြည်နယ်အသင်းက မကွေးတိုင်းဒေသကြီး အသင်းကို သုံးပွဲပြတ် ဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲတွင် မန္တလေးတိုင်းဒေသကြီး အသင်းက ကချင်ပြည်နယ်အသင်း ကို သုံးပွဲ - တစ်ပွဲဖြင့်အနိုင်ရရှိကြကာ ပထမဆုကို ဆွတ်ခူးရရှိခဲ့သည်။ ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကျောင်းသားအားကစားပွဲ တော် ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်း၊ ကျောင်းသားအားကစားပွဲတော် ကျင်းပရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်စွာသွင်တို့က ဆုများပေးအပ်ချီးမြှင့်ရာ ဆုရရှိသည့်အားကစား မောင်မယ်များက လက်ခံရယူကြသည်။
ဒီဇင်ဘာ ၁၅ ရက်တွင် အမျိုးသားဘောလုံး တတိယနေရာလုပွဲနှင့် ဗိုလ်လုပွဲစဉ်များကို ဆက်လက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။
