နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၅
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း၌ ကျင်းပရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင်များ တက်ရောက်ကြည့်ရှု အားပေးပြီး ဆုများပေးအပ်ချီးမြှင့်ကြသည်။
အခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ဒေါက်တာမှုထန်နှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများနှင့် ဘောလုံးဝါသနာရှင်များ တက်ရောက်ကြည့်ရှု အားပေးကြသည်။
ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဘောလုံးပြိုင်ပွဲ (အမျိုးသား) ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ကရင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ ရန်ကုန်တိုင်းဒေသကြီးအသင်းက ကရင်ပြည်နယ်အသင်းကို နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိသည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက အကောင်းဆုံး ရှေ့တန်းကစားသမားဆု၊ အကောင်းဆုံး အလယ်တန်းကစားသမားဆု၊ အကောင်းဆုံး နောက်တန်းကစားသမားဆု၊ အကောင်းဆုံးဂိုးသမားဆုနှင့် ပွဲစဉ်တစ်လျှောက် အကောင်းဆုံး ကစားသမားဆု ရရှိကြသူများကို တစ်ဦးချင်းအကောင်းဆုံး ဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က တတိယဆုရရှိသည့် ဧရာဝတီတိုင်းဒေသကြီးအသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဦးရန်ကျော်က ဒုတိယဆုရရှိသည့် ကရင်ပြည်နယ်အသင်းကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်က ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းကို လည်းကောင်း တစ်ဦးချင်းဂုဏ်ပြုဆုတံဆိပ်များနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူက ပထမဆုရရှိသည့် ရန်ကုန်တိုင်းဒေသကြီးအသင်းအား အမျိုးသားတံခွန်စိုက် ဆုဖလားကို ပေးအပ်ချီးမြှင့်သည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်ကို ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ အားကစားနည်းများအလိုက် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ လေ့ကျင့်ရေးဘောလုံးကွင်းများနှင့် အားကစားရုံများ၌ ကျင်းပခြင်းဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ၊ နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၈၅၀ ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
