၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကျင်းပ

 

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၁၂

 

၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းသားအားကစားပွဲတော် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်း ဗိုလ်လုပွဲ ပွဲစဉ်များကို ယနေ့နံနက် ၈ နာရီမှစတင်၍ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်းအတွင်းရှိ Boxing Indoor Stadium လက်ဝှေ့အားကစားရုံနှင့် သက်ဆိုင်ရာ အားကစားနည်းအလိုက် သက်မှတ်ထားသည့်ကွင်းရုံများတွင် ဆက်လက်ယှဥ်ပြိုင် ကစားကြသည်။

 

အဆိုပါပြိုင်ပွဲ ယှဉ်ပြိုင်ကစားနေမှုများကို ကျောင်းသားအားကစားပွဲတော်ကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် တာဝန်ရှိသူ များ၊ ပြည်နယ်နှင့်တိုင်းဒေသကြီးအလိုက် ပြိုင်ပွဲဝင်အားကစား မောင်မယ်များ၊ အုပ်ချုပ်သူနည်းပြ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ တက်ရောက်အားပေးကြည့်ရှုကြသည်။

 

ဝဏ္ဏသိဒ္ဓိအားကစားကွင်း လက်ဝှေ့ရုံတွင် ကျင်းပသည့်ပိုက်ကျော်ခြင်းပြိုင်ပွဲအပြီးတွင် အမျိုးသမီးအသင်းအလိုက် ပထမဆုကို မွန်၊ ဒုတိယဆုကို ပဲခူး၊ တတိယဆုကို မန္တလေးတို့က ရရှိကြပြီး အမျိုးသားအသင်းလိုက် ပထမဆုကို စစ်ကိုင်း၊ ဒုတိယဆုကို ရန်ကုန်၊ တတိယဆုကို မကွေးတို့က ရရှိကြသည်။ ဆုများကို ကျောင်းသားအားကစားပွဲတော် ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ကျောင်းသားအားကစားပွဲတော်ကျင်းပရေးဦးစီး ကော်မတီ အတွင်းရေးမှူး အခြေခံပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်တို့က ချီးမြှင့်ပေးအပ်ကြသည်။

 

ထို့ပြင် ယနေ့နံနက်မှစတင်၍ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (A)ရုံတွင်  အမျိုးသား၊ အမျိုးသမီး ဘောလီဘော်ပြိုင်ပွဲများကို ကျင်းပရာ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် မန္တလေးက ကရင်ကို သုံးပွဲ ပြတ်ဖြင့်လည်းကောင်း၊ တနင်္သာရီက မကွေးကို သုံးပွဲပြတ်ဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ကချင်က မကွေးကို သုံးပွဲ  တစ်ပွဲဖြင့်လည်းကောင်း၊ မန္တလေးက ရှမ်းကို သုံးပွဲ တစ်ပွဲဖြင့်လည်းကောင်း အနိုင်ရရှိကြသည်။ အမျိုးသား၊ အမျိုးသမီး ဘော်လီဘော ပြိုင်ပွဲ တတိယနေရာနှင့် ဗိုလ်လုပွဲ ပွဲစဉ်များကို ဒီဇင်ဘာ ၁၄ရက်တွင် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

 

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(C)ရုံတွင် အမျိုးသား၊ အမျိုးသမီး ဘတ်စကက်ဘောပြိုင်ပွဲများကို ဆက်လက်ကျင်းပခဲ့ပြီး ဘောလုံးပြိုင်ပွဲများကို ဝဏ္ဏသိဒ္ဓိအားကစားကွင်းရှိ ဘောလုံးလေ့ကျင့်ရေး ကွင်းအမှတ်(၁)နှင့် ကွင်းအမှတ်(၃)တို့တွင် ယနေ့နံနက် ၇ နာရီမှစတင်၍ အမျိုးသား၊ အမျိုးသမီး ဘောလုံးပွဲစဉ်များကို ယှဥ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။