ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၈

 

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးစံပြ)၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့ အခြေခံပညာအထက်တန်းကျောင်း (မိုးကြိုးစံပြ) သို့ရောက်ရှိပြီး ကျောင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေး၊ ကျောင်းနှင့်ဝန်းကျင် သန့်ရှင်းသာယာရေး ဆောင်ရွက်ကြရန်၊ ဆရာ ဆရာမများအနေဖြင့် ကျောင်းသား ကျောင်းသူများကို အမှန်တကယ်ပညာတတ်၍ နိုင်ငံတော်က အားထားရသည့် ဗလငါးတန်နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်အောင် ပြုစုပျိုးထောင် သင်ကြားပေးကြရန်နှင့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်း အပြည့်အဝရရှိစေရန် ဆရာ ဆရာမများအားလုံးက ဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ပေးကြ စေလိုကြောင်းမှာကြား၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်စာသင်ခန်းတွင် အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေသည့် ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံ၍ ပညာကိုကြိုးစားသင်ယူကြရန်နှင့် ပညာကိုအမှန်တကယ် တတ်မြောက်မှသာ မိမိတို့ရည်မှန်းချက်များကို အောင်မြင်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း အားပေးစကား ပြောကြားသည်။

 

ထို့အတူ ယမန်နေ့က ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းများသို့ သွားရောက်၍ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှု၊ ကျောင်းအားကစားကွင်း၊ စာကြည့်တိုက်၊ စာသင်ဆောင်များ၊ သိပ္ပံလက်တွေ့ခန်းများနှင့် တည်ဆောက်ဆဲအဆောက်အအုံများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။