နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၇
(၁၀၃) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများ၊ နေပြည်တော်ကောင်စီဝင်၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ နှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ အမှတ်(၆) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “ဇာတိမာန်” သီချင်းကို ဂုဏ်ပြုသီဆို၍ အခမ်းအနားကို ဖွင့်လှစ်သည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူသတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာကို ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ဖတ်ကြားသည်။
ယင်းနောက် အမှတ်(၁၁) အခြေခံပညာ အထက်တန်းကျောင်း နေပြည်တော်မှ ကျောင်းသား ကျောင်းသူများက “မြန်မာ့ကျောင်း” သီချင်းဖြင့် ဂုဏ်ပြုသီဆို တင်ဆက်ကြပြီး (၁၀၃)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနား စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။
