နေပြည်တော် ၂၀၂၃ ဒီဇင်ဘာ ၄
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B) ရုံ၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ ဒေါက်တာဘရွှေနှင့် ဦးရန်ကျော်၊ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အားကစားအဖွဲ့ခေါင်းဆောင်များ၊ အားကစားနည်းအလိုက် အုပ်ချုပ်သူ/နည်းပြများနှင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေက ယခုကျင်းပသည့် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ဘောလုံး၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ပြေးခုန်ပစ်၊ ဘတ်စကက်ဘော၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင် အားကစားနည်းများကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း၊ အားကစားနည်းအလိုက် ထူးချွန်ထက်မြက်သည့် အားကစားသမားများကို ရွေးချယ်သွားမည် ဖြစ်သည့်အတွက် ကြိုးစားယှဉ်ပြိုင်ကြစေလိုကြောင်း။
အားကစားမောင်မယ်များအနေဖြင့် မိမိ၏ဂုဏ်၊ ကျောင်း၏ဂုဏ်၊ မြို့နယ်၏ဂုဏ်၊ တိုင်းဒေသကြီး/ ပြည်နယ်၏ဂုဏ်ကို အားကစားထူးချွန်မှုဖြင့် စွမ်းဆောင်မြှင့်တင် ပေးရမည်ဖြစ်ကြောင်း၊ အားကစားပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ရာတွင် တရားသောယှဉ်ပြိုင်ခြင်းဖြင့် ယှဉ်ပြိုင်ကြရမည်ဖြစ်ကြောင်း၊ အားကစားဆိုသည်မှာ အနိုင်အရှုံးတစ်ခုတည်းကို ဦးတည်ယှဉ်ပြိုင်ခြင်းမျိုး မဟုတ်ဘဲ ဇွဲရှိမှု၊ စိတ်ဓာတ်ကြံ့ခိုင်မှု၊ သည်းခံမှု၊ စည်းလုံးညီညွတ်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ စည်းကမ်း ရိုသေလေးစားလိုက်နာမှု၊ ယဉ်ကျေးလိမ္မာမှု၊ အားကစားကို ချစ်မြတ်နိုးမှု စသည်တို့ကိုပါ ဖော်ထုတ်ပြသရခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများအနေဖြင့် ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တဗလ၊ မိတ္တဗလ၊ ဘောဂဗလဟူသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်ထက်မြက်သော နိုင်ငံ့သားကောင်းများ ဖြစ်ပေါ်လာစေရန် ကြိုးစားကြစေလိုကြောင်း။
မိမိတိုင်းဒေသကြီး/ ပြည်နယ်များ၏ ဂုဏ်ကိုဆောင်နိုင်သည့် ကျောင်းသား ကျောင်းသူများဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြပြီး နိုင်ငံတော်မှအားထားရသည့် အားကစားသမားများ ပေါ်ထွက်လာအောင် ကြိုးစားကြစေလိုကြောင်း၊ နိုင်ငံတော်၏ အနာဂတ်ကို လက်ဆင့်ကမ်းပခုံးပြောင်း တာဝန်ယူနိုင်သည့် လူငယ်လူရွယ်များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း ပြောကြားပြီး “အခြေခံပညာ ကျောင်းသားအားကစားပွဲတော်” ကို ဖွင့်လှစ်ပေးသည်။
ထို့နောက် ကျောင်းသားအားကစားပွဲတော် အထိမ်းအမှတ်အလံကို အားကစားမောင်မယ်များက စုပေါင်းသယ်ယူ၍ လွှင့်တင်ပြီး အခြေခံပညာ ကျောင်းသားအားကစားပွဲတော်တွင် ဝင်ရောက်ယှဉ်ပြိုင်ကြမည့် အားကစားမောင်မယ် ကျောင်းသား ကျောင်းသူများက အားကစားသစ္စာအဓိဋ္ဌာန်ကို ရွတ်ဆိုကြသည်။
ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ပြိုင်ပွဲဝင်အသင်းများမှ အသင်းအုပ်ချုပ်သူ/ နည်းပြများနှင့် အားကစားသမားများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသူများက အခြေခံပညာ အထက်တန်းကျောင်းများမှ ကျောင်းသား ကျောင်းသူများနှင့် မြန်မာနိုင်ငံ ကျွမ်းဘားအဖွဲ့ချုပ်တို့မှ အားကစားသမားများက အေရိုးဗစ်အက၊ စုပေါင်း ကိုယ်လက်ကြံ့ခိုင်ရေးအစီအစဉ် အတွဲ(၃/၄)၊ Physical Fitness Dance နှင့် ကျွမ်းဘားအားကစား သရုပ်ပြသမှုတို့ကို ကြည့်ရှုအားပေးကြသည်။
၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာ ကျောင်းသားအားကစားပွဲတော်ကို ဒီဇင်ဘာ ၄ ရက်မှ ၁၅ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၊ အားကစားရုံများ၌ ကျင်းပသွားမည်ဖြစ်ပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ အဖွဲ့ခေါင်းဆောင်များ၊ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများ စုစုပေါင်း ၁၈၅၀ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
