နေပြည်တော် ၂၀၂၃ နိုဝင်ဘာ ၃၀
မန္တလာတက္ကသိုလ်(၁၁)နှစ်မြောက် ကျောင်းမွေးနေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ အမရခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူးနှင့် တာဝန်ရှိသူများ၊ ပါမောက္ခ(ဌာနမှူး)များ၊ သုတေသနစာတမ်းဖတ်ကြားမည့် ဆရာ ဆရာမများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများတက်ရောက်ကြသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးက မန္တလာတက္ကသိုလ်ကို ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် မန္တလာကောလိပ်အဖြစ် ဖွင့်လှစ်ခဲ့ပြီး ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာ ၁ ရက်တွင် မန္တလာတက္ကသိုလ်အဖြစ် အဆင့်တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ယနေ့သည် မန္တလာတက္ကသိုလ် စတင်တည်ထောင်ခဲ့ရာမှ (၁၁)နှစ် ပြည့်မြောက်ခဲ့သည့်နေ့ ဖြစ်ပါကြောင်း၊ သုတေသနစာတမ်းများသည် တက္ကသိုလ်များ၏ အသက်သွေးကြောဟုလည်း ဆိုနိုင်ပါကြောင်း။ ပြည်တွင်းအဆင့် စာတမ်းဖတ်ပွဲများနှင့် နိုင်ငံတကာအဆင့် စာတမ်းဖတ်ပွဲများသို့ စာတမ်းများပေးပို့ ဖတ်ကြားနိုင်ရေး ကြိုးပမ်းကြရန် ဘာသာရပ်အသီးသီးမှ ဆရာ ဆရာမများအားလုံးကို တိုက်တွန်းပါကြောင်း၊ သုတေသနလုပ်ငန်းများ ဆောင်ရွက် ရာတွင် မိမိတို့ဒေသ ဖွံ့ဖြိုးတိုးတက်ရေးကို အကျိုးပြုစေမည့် ဒေသလိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်မည့် သုတေသနလုပ်ငန်းများ၊ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကို အကျိုးပြုစေမည့် သုတေသနလုပ်ငန်းများကို အလေးထားဆောင်ရွက်ကြစေလိုပါကြောင်း၊ သင်ကြားရေးပိုင်းတွင်လည်း ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် တက္ကသိုလ်များတွင် နိုဝင်ဘာ ၂၃ ရက်က စတင်၍ သင်တန်းများ စတင်ဖွင့်လှစ် သင်ကြားနေပြီဖြစ်ပါကြောင်း၊ သို့ဖြစ်၍ ဘာသာရပ်ဆိုင်ရာ ဆရာ ဆရာမများက ကျောင်းတက္ကသိုလ် ပညာသင်နှစ် စတင်ဖွင့်လှစ်ချိန်ကစ၍ မိမိတို့လေ့လာတတ်မြောက်ထားသည့် ပညာရပ်များကို စိတ်စေတနာအပြည့်အဝနှင့် ပြန်လည်မျှဝေပေးကြပြီး အမှန်တကယ်ကျွမ်းကျင်တတ်မြောက်သူများဖြစ်အောင် လေ့ကျင့်သင်ကြားပေးကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သုတေသနစာတမ်းဖတ်ကြားမည့် ဆရာ ဆရာမများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ချီးမြှင့်၍ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြပြီး သုတေသနစာတမ်းဖတ်ပွဲကို အစီအစဉ်အတိုင်း ဆက်လက်ကျင်းပသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလာတက္ကသိုလ် စာသင်ဆောင်များကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ကျောင်းသား ကျောင်းသူများ သင်ကြားသင်ယူရာတွင် အဆင်ပြေချောမွေ့အောင် ကူညီဆောင်ရွက်ပေးကြရန် မှာကြားကာ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတက္ကသိုလ် သုတေသနစင်တာသို့သွားရောက်၍ သုတေသနစင်တာရှိ စက်ပစ္စည်းများကို အကျိုးရှိထိရောက်အောင် အသုံးပြုဆောင်ရွက်ရေး၊ သုံးစွဲမှုမှတ်တမ်းများကို စနစ်တကျထားရှိဆောင်ရွက်ရေးတို့ကို မှာကြားသည်။ ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် စဉ့်ကိုင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းသို့သွားရောက်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ကျောက်ဆည်တက္ကသိုလ်သို့ရောက်ရှိပြီး စာသင်ဆောင်များနှင့် လက်တွေ့ခန်းများကို လှည့်လည်ကြည့်ရှုစစ်ဆေး၍ ပါမောက္ခချုပ်များ၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များနှင့်တွေ့ဆုံ၍ သင်ကြားရေး၊ စီမံရေးဆိုင်ရာများ အရည်အသွေးတိုးတက်ကောင်းမွန်ရေး ဆွေးနွေးမှာကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် ပြင်ဦးလွင်မြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း(အ.ထ.က-ခွဲ)သို့သွားရောက်၍ စာသင်ခန်း၊ စာကြည့်တိုက်၊ ဂီတ၊ အနုပညာ၊ အိမ်တွင်းမှု၊ လက်တွေ့ခန်းများတွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားနေမှုများကို လှည့်လည်ကြည့်ရှုအားပေး၍ လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
