ရန်ကုန် ၂၀၂၃ နို၀င်ဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်သည် ယမန်နေ့က မြိတ်တက္ကသိုလ်၌ ကျင်းပသော သမုဒ္ဒရာနှင့် ကမ္ဘာမြေသိပ္ပံဆိုင်ရာ သုတေသနညီလာခံ အစည်းအဝေးသို့ တက်ရောက်၍ အမှာစကား ပြောကြားပြီး တက္ကသိုလ်ရှိ စာကြည့်တိုက်နှင့် စာသင်ခန်းများကို ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် မြိတ်မြို့ အမှတ်(၁)နှင့် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၊ ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းများကို ကြည့်ရှုစစ်ဆေးသည်။
ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ရောက်ရှိပြီး အွန်လိုင်းစနစ်ဖြင့် ကျောင်းဝင်မှတ်ပုံတင်ခြင်းစနစ်ကို ဗီဒီယိုဖြင့် ရှင်းလင်းပြသမှုကို ကြည့်ရှုပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ် စာကြည့်တိုက်တွင် စာအုပ်မှတ်ပုံတင် စာရင်းသွင်းထားရှိမှု၊ စာငှားမှတ်တမ်းများထားရှိမှုနှင့် စာအုပ်များ စနစ်တကျထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့ ရောက်ရှိပြီး စာသင်ခန်းများတွင် အင်္ဂလိပ်၊ တရုတ်၊ ဂျာမန်၊ ပြင်သစ်ဘာသာရပ်များ သင်ယူလေ့လာနေသည့် ကျောင်းသား ကျောင်းသူများကို ကြည့်ရှုအားပေးသည်။
ယင်းနောက် အားကစားခန်းမများတွင် ကျောင်းသား ကျောင်းသူများ မြားပစ်နှင့် ကရာတေး အားကစားလေ့ကျင့်နေမှုနှင့် နိုင်ငံခြားသား မြန်မာစာလေ့လာသင်ယူသူ ကျောင်းသား ကျောင်းသူများကို တွေ့ဆုံအားပေးစကား ပြောကြားပြီး စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မြန်မာနိုင်ငံတိုင်းရင်းသား ဘာသာစကားဦးစီးဌာနသို့ ရောက်ရှိပြီး မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းအကောင်အထည်ဖော်ရေးနှင့် ပတ်သက်၍ ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
