နေပြည်တော် ၂၀၂၃ နိုဝင်ဘာ ၁၄
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီအစည်းအဝေး(၁/၂၀၂၃) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပညာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေ၊ မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ အဖွဲ့ဝင်များဖြစ်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ မြန်မာစာအဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကွန်ပျူတာ အသင်းချုပ်၊ မြန်မာ့သမိုင်းအဖွဲ့နှင့် မြန်မာနိုင်ငံဝိဇ္ဇာနှင့်သိပ္ပံပညာရှင်အဖွဲ့တို့မှ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများ၊ အထူးဖိတ်ကြားထားသူများ၊ ရန်ကုန်ရှိ မြန်မာစာအဖွဲ့ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက AI နည်းပညာ အကူအညီဖြင့် ဒစ်ဂျစ်တယ်ပလက် ဖောင်းပေါ်တွင်မြန်မာဘာသာစကားနှင့် စာပေကို ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်စေရန်၊ မြန်မာစာနှင့် တိုင်းရင်းသားဘာသာစကားများကိုအမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် နိုင်ငံတော်က မြန်မာစာဖွံ့ဖြိုးတိုးတက်ရေး ဦးစီးကော်မတီကို ဖွဲ့စည်း ပေးခဲ့ခြင်းဖြစ်ပါကြောင်း။
မြန်မာစာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးကော်မတီ၏ လုပ်ငန်းတာဝန်များကို မြန်မာစာ၊ မြန်မာစကား၊ မြန်မာဗျည်းသရအက္ခရာ၊ သဒ္ဒါ၊ အထားအသို၊ အသုံးအနှုန်း၊ အပြောအဆို၊ အရေးအသားတို့ကို ထုံးမီစံမျှမှန်ကန်တိကျရေးနှင့် အဓွန့်ရှည်စွာတည်တံ့ခိုင်မြဲတိုးတက်ရေးအတွက် ဆောင်ရွက်ခြင်း၊ မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းများမပျောက်ပျက်အောင်ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မြန်မာယူနီကုဒ်စနစ်အသုံးပြု၍မြန်မာဘာသာစကားအတွက်ကွန်ပျူတာ၏ဘာသာစကား စွမ်းဆောင်မှု နည်းပညာ(Natural Language Processing-NLP) လုပ်ငန်းစဉ်များ တိုးချဲ့ခြင်း၊ မြန်မာစာကို အွန်လိုင်းဆက်သွယ်ရေးကွန်ရက် (Cyberspace)တွင် အခြားဘာသာစကားများနည်းတူအသုံးပြု နိုင်ရေးအတွက် ဆောင်ရွက်ခြင်း၊ စက်ဘာသာပြန် (Machine Translation) စနစ်တည်ဆောက်ခြင်း၊ စကားသံကို ကွန်ပျူတာစက်ကအလိုအလျောက်သိရှိနားလည်မှု (Automatic Speech Recognition) စနစ်တည်ဆောက်ခြင်း၊ ဉာဏ်ရည်တု (Artificial Intelligence-AI) နည်းပညာကို မြန်မာရေးထုံးမူများနှင့်ချိတ်ဆက်၍ကျယ်ပြန့်စွာအသုံးချရေးအတွက် ဆောင်ရွက်ခြင်း စသည်ဖြင့် သတ်မှတ်ပြဋ္ဌာန်းထားပါကြောင်း။
မြန်မာစာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (၂၀၂၃-၂၀၂၈)ကို၂၀၂၃ခုနှစ်နိုဝင်ဘာလတွင် စတင် အကောင်အထည်ဖော် ဆောင်ရွက်ရန်ခွင့်ပြုချက်ရရှိပြီးဖြစ်ကြောင်း၊ နိုင်ငံသားများလူမှုစီးပွားကဏ္ဍ ပေါင်းစုံတွင် AI နည်းပညာကိုမြန်မာဘာသာစကားဖြင့်အမြန်ဆုံးအသုံးချနိုင်စေရန် ကွန်ပျူတာကဘာသာစကား နားလည်တတ်ကျွမ်းမှုသည် အရေးကြီးပါကြောင်း၊ကွန်ပျူတာ၏ ဘာသာစကား စွမ်းဆောင်မှုနည်းပညာ(NLP)သည် အခြား AIနည်းပညာများအားလုံးနှင့် ချိတ်ဆက်ထားသည့်အခြေခံအကျဆုံးနှင့် အရေးအကြီးဆုံးသော နည်းပညာဖြစ်ပါကြောင်း၊မြန်မာယူနီကုဒ်စနစ်ကို အခြေခံသော NLP လုပ်ငန်းစဉ်များ၊စက်ဘာသာပြန်လုပ်ငန်း(Machine Translation) များကိုတိုးချဲ့ လုပ်ဆောင်သွားရန်လိုအပ်ပါကြောင်းပြောကြားသည်။
ယင်းနောက် ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်နှင့် ဒေါက်တာမိုးဇော်ထွန်းတို့က စီမံကိန်းနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးကြပြီး မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန ညွန်ကြား ရေးမှူးချုပ် ဦးကိုလေးဝင်း၊ AIနည်းပညာရှင် ဒေါက်တာတင်ဖုန်းကျော်နှင့် ရန်ကုန်ကွန်ပျူတာ တက္ကသိုလ် NLPဌာန ပါမောက္ခ ဒေါက်တာဝင်းပပတို့က စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စီမံကိန်းဆိုင်ရာနည်းပညာ လုပ်ငန်းစဉ်များ၊ စီမံကိန်းဆိုင်ရာ ကွန်ပျူတာ လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ဦးစီးကော်မတီအဖွဲ့ဝင် ဒုတိယဝန်ကြီးများနှင့် ပညာရှင်ကြီးများ၊ တက်ရောက်လာသူများက စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကားပြောကြားကာအစည်းအဝေးကို ရုပ်သိမ်းသည်။
