Naypyitaw State Academy တည်ထောင်သည့် (၁) နှစ်ပြည့်အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ဖွင့်ပွဲကျင်းပ

 

နေပြည်တော် ၂၀၂၃ နိုဝင်ဘာ ၉

 

Naypyitaw State Academy တည်ထောင်သည့် (၁) နှစ်ပြည့် အထိမ်းအမှတ် စာတမ်းဖတ်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာဇော်မြင့်၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာစိုးဝင်း၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ Naypyitaw State Academy ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူး)များ၊ စာတမ်းဖတ်ကြားမည့် စာတမ်းရှင်များ၊ ဆရာ ဆရာမများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

 

ဦးစွာ ဒုတိယဝန်ကြီးက မြန်မာနိုင်ငံ၏ မြို့တော် နေပြည်တော်တွင် စဉ်းစားတွေးခေါ် ဖန်တီးမှုကို အားပေးသော၊ အရည်အသွေးပြည့်ဝသည့် သင်ကြားသင်ယူ လေ့ကျင့်မှုများမှတစ်ဆင့်  အသုံးချသုတေသနနှင့် တီထွင်ဆန်းသစ်မှုကို အားပေးသော အဆင့်မြင့်ပညာရပ်များကို သင်ယူရာ တက္ကသိုလ်တစ်ခုကို တည်ထောင်ဖွင့်လှစ်ရန် ဟူသောရည်ရွယ်ချက်ဖြင့် Naypyitaw State Academy ကို ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၉ ရက်တွင် တည်ထောင်ဖွင့်လှစ်ခဲ့ရာ ယနေ့ဆိုလျှင် တစ်နှစ်တိတိ ပြည့်မြောက်ခဲ့ပြီဖြစ်ပါကြောင်း၊ “ပညာရှင်များ မွေးထုတ်ရာ ဦးဆောင်တက္ကသိုလ်” တစ်ခုဖြစ်ရန် ရည်မှန်းထားသည်နှင့်အညီ Naypyitaw State Academy ကို စတင်ဖွင့်လှစ်စဉ်က Faculty System ဖြင့် တည်ထောင်ဖွင့်လှစ်ခဲ့ပြီး ဝိဇ္ဇာပညာမဟာဌာန၊ သိပ္ပံပညာမဟာဌာန၊ စီးပွားရေးပညာမဟာဌာန၊ ဥပဒေပညာမဟာဌာန ဟူသော မဟာဌာနကြီး လေးခုအောက်တွင် ဘာသာရပ် ၁၂ ခု ဖြင့် စတင် ဖွင့်လှစ်သင်ကြားခဲ့ပါကြောင်း။

 

ယခုဖွင့်လှစ်မည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် ဆေးပညာမဟာဌာနကို တိုးချဲ့ဖွင့်လှစ်ပြီး ဆေးပညာ ပထမနှစ်သင်တန်းကို စတင်လက်ခံသင်ကြားမည်ဖြစ်သည့်အပြင် ဥပဒေပညာ မဟာဌာနတွင် B.A(Law) ဘွဲ့သင်တန်း၊ စီးပွားရေးပညာမဟာဌာနတွင် B.A(Eco) ဘွဲ့သင်တန်း များ အပါအဝင် အထူးပြုဘာသာရပ် ၁၅ ခုတွင် ပထမနှစ် ကျောင်းသား ကျောင်းသူများကို စတင်လက်ခံသင်ကြားသွားမည် ဖြစ်ပါကြောင်း၊ ထို့ပြင် မကြာမီအချိန်ကာလအတွင်း  မဟာဘွဲ့ သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများကိုလည်း တိုးချဲ့ဖွင့်လှစ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

စဉ်းစားတွေးခေါ်နိုင်မှုနှင့် တီထွင်ဖန်တီးနိုင်မှု စွမ်းရည်မြင့်မားပြီး စိတ်ဓာတ်နှင့်ခံယူချက် မှန်ကန်ကောင်းမွန်သည့် အသိပညာရှင် အတတ်ပညာရှင်များ ပေါ်ထွန်းလာစေရေးအတွက် ဆရာ ဆရာမများ၊ ဝန်ထမ်းများ အားလုံး အရှိန်အဟုန်မြှင့် ဝိုင်းဝန်းဆောင်ရွက်ပေးကြစေလိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာနုနုလွင်က စာတမ်းဖတ်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။

 

ဖွင့်ပွဲအခမ်းအနားအပြီးတွင် Naypyitaw State Academy ၏ ဆရာ ဆရာမ၊ ဝန်ထမ်းများ ကို အမှတ်တရ ကံစမ်းမဲများဖောက်ပေးကြသည်။

 

ယင်းနောက် သုတေသနစာတမ်းဖတ်ပွဲများကို စတင်ကျင်းပရာ ဒေါ်သန္တာဦးက “စံဘာသာစကားနှင့်နေ့စဉ်သုံး အပြောဝေါဟာရအချို့ကွဲပြားချက်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဝင်းမာလာသိန်းက “Myanmar-Bangladesh Diplomatic Relations Since 2011” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်အိအိမွန်က “Concentration, Distribution, Sources Analysis, and Potential Risk Assessment of Polycyclic Aromatic Hydrocarbon in Road Dusts from Mandalay, Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်ခင်ရီထူးက “Green Synthesis of Tin (IV) Oxide Nanoparticles Using Plant Extract and The Study of Dye Removal” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဦးကျော်သူက “Temperature and Solar Effects on Photovoltaic Panel” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဆွေယဉ်ထွန်းက “Construction of Car Parking Sensor by using HC- SR04 Ultrasonic Sensor and Arduino Uno Microcontroller” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်အိအိသက်ဖွေးက “Some Properties of Measurable Sets” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာတမ်းရှင် ဒေါ်မိုးနှင်းဖြူက “Effects of Social Welfare Factors on Increasing Labour Productivity of Garment Manufacturing Firms in Myanmar” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာတမ်းရှင် ဒေါ်နန်းသီတာဝင်းက “ Reward and Motivation of Employee at Zeya & Associates Co.,Ltd.” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်ဝင်းစန္ဒာခင်က “Service Recovery and Customer Loyalty of Online Shops” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်ထွေးထွေးသက်က “Legal Study on Employment Contract in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်စိုးသီရိဖြူက “The Role of Court-Led Mediation in Civil Suits of Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာတမ်းရှင် ဒေါ်နှင်းပွင့်အေးက “Legal Perspective on Shareholder Voting Rights: Ensuring Equity and Transparency in Corporate Affairs in Myanmar” ခေါင်းစဉ်ဖြင့်လည်းကောင်း ဖတ်ကြားကြသည်။

 

ထို့နောက် စာတမ်းရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပြီး Naypyitaw State Academy ဒုတိယပါမောက္ခချုပ် ဒေါက်တာစိုးစိုးအောင်က ဂုဏ်ပြုအမှာစကားပြောကြားကာ စာတမ်းရှင်များနှင့် မှတ်တမ်းဓာတ်ပုံရိုက်ခဲ့ကြကြောင်း သိရသည်။